25

21 0 0
                                    

မအိမ်ကံ (အခန်း ၂၅) // ခင်ခင်ထူး

---

“ဆရာကြည် ရေတိမ်နစ် ရှာပြီပေါ့။ ရင်ထဲ မကောင်းလိုက်သာ အစ်ကိုရယ် ”

မအိမ်ကံ အသံက တိုးလွန်း လှသော်လည်း မျက်ရည်တွေက ချောင်းကြီး ရေကျ စီးနေသည်။ ဆရာကြည့် နိုင်ငံရေး စိတ်ဓာတ်က ပြင်းပြ လွန်းတာကိုလည်း မအိမ်ကံ သိတန် သလောက် သိပါ၏။ ပြောစရာ ရှိလျှင် ဘယ်သူ့မျက်နှာမှ မထောက်။ တိုင်းပြည် ကိစ္စ၊ လူမျိုး ကိစ္စ ဆိုလျှင် ဒိုးဒိုးဒေါက်ဒေါက် ရှိသူလည်း ဖြစ်သည်။ ရွာဆေးဆရာ ဆိုသော်လည်း နိုင်ငံရေး စိတ်ဝင်ပြီ ဆိုကတည်းက ဆေးကုပင့်ခေါ်လျှင်ပင် မလိုက်တော့။ အိမ်မှာ အခိုးပွင့်ဆေး တစ်ဖုံ ကောင်းကောင်းဖော်ထားပြီး ငှက်ပျောဖူး ပုလင်းများဖြင့် ထည့်ထားကာ လူနာ လာပင့်သမျှ ဆေးတစ်ဖုံကိုသာ ပေးသည်ဆို၏။ သားသမီးတွေက ဆေးကုစေချင်ကြသော်လည်း ဆရာကြည်က မကုတော့ပါ။

“တိုင်းပြည်က ငန်းမန်းကြီးလိုက်နေတာ အရင်ကုကြရမှာ ပေါ့ကွယ်။ လူနာက ငါမကုလည်း သူတကာ ဆေးဆရာတွေ ကုကြလိမ့်မယ်။ နောက်များ ငါ့ကို ဆေးကုဖို့ မပြောကြနဲ့”

သားသမီးတွေကို အဲသလို ငေါက်တတ်သူ ဖြစ်သည်။ တချို့က မျိုးချစ်ပုဂ္ဂိုလ် အဖြစ် ကြည်ညိုကြသကဲ့သို့ တချို့ ကတော့ လူ့တစ်ယူသန် အဖြစ် စကား ထည့်ချင်ကြသည်။ မအိမ်ကံကတော့ မြင်းတစ်စီးနှင့် ပွဲလာကြည့်ခဲ့သော ညကို သတိရနေမိသည်။ အစ်ကိုမောင်မြတ်သာက မြင်းကြီးနှင့် ဆရာကြည်လာလျှင် စာတစ်စောင် ပေးခိုင်းခဲ့ဖူးတာ မှတ်မိနေသည်။ ဆရာကြည်နှင့် အဖေဦးသာထန်တို့ မတည့်ကြသော်လည်း အစ်ကိုမောင်မြတ်သာ ကိုတော့ ချစ်ခင် ရှာသည်။ ဂျပန်တွေ ဝင်လာတော့ ကိုယ်တိုင် အိမ်ကို ရောက်လာကာ “သူကြီးရေ ခေတ်ကာလ မကောင်းတော့ဘူး၊ သတိဝီရိယနဲ့ နေပါရော့” ဟု မှာ သွားခဲ့သေးသည်။ အခုတော့ ဆရာကြည် ကိုယ်တိုင် သတိဝီရိယနှင့် မနေခဲ့ရှာသလား။ ကိုပြေသိမ်းနှင့် မအိမ်ကံတို့ အရှေ့ အာရှလူငယ် အစည်းအရုံး တာဝန်ဖြင့် ရွာတွေကို လှည့်ကြတော့ ဆရာကြည်က လူငယ်တွေထက်ပင် ခြေသွက် နေခဲ့သေးသည်။ အိုကြီးအိုမရယ်လို့ ဖင့်နွှဲလေးကန်မရှိ။ သွက်လက် ချက်ချာ ရှိလှပါ၏။

မအိမ်ကံWhere stories live. Discover now