24

20 1 0
                                    

မအိမ်ကံ (အခန်း ၂၄) // ခင်ခင်ထူး

---

“ရွှေမှုံ မိန်းကလေး မွေးသတဲ့လား”

“ရွှေမှုံ မိန်းကလေး မွေးသတဲ့လား”

ဘယ်ဆီ ဘယ်ဝယ်ကမှန်း မသိရသော အသံကြီးတွေက မအိမ်ကံကို တစာစာ မေးနေသကဲ့သို့ ရှိလေသည်။ အရီးကြာညွန့်က ရွှေမှုံ မိန်းကလေး မွေးပြီးဖြစ်ကြောင်း ရိုးရိုးကလေး ပြောသွားခြင်း ဖြစ်သော်လည်း မအိမ်ကံ အဖို့ မိုးကြိုးလောင်မီးကြီး ကျသကဲ့သို့ ဖြစ်ခဲ့ရသည်။ မိုးကြိုး ပုဆိန်ကြီး ခေါင်းပေါ် ဟက်တက်ကြီး ခွဲချလိုက်သဖြင့် ရှစ်စိတ်ရှစ်မြှောင်း ကွဲကျသွားသလို အဖတ်လိုက် ပြိုကျသွားခဲ့သည်။ နေရာမှာ ဘယ်လောက်များ ကြာကြာ ရပ်နေမိသည် မသိ။ သည်သတင်းက မအိမ်ကံကို ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားစေခဲ့သည် မဟုတ်လား။

ရွှေမှုံတွင် ကိုယ်ဝန်ရှိနေပြီ ဆိုကတည်းက မအိမ်ကံ နားစွင့် နေခဲ့သည်။ ကျေးဥက ရွှေမှုံ နေ့စေ့လစေ့ကြီးနဲ့ ဆိုကတည်းက မအိမ်ကံရင်တွေ တုန်လှုပ် ခဲ့ရသည်လည်း အမှန်ပင်။ သို့သော် ကိုယ်ဝန် ဆိုတာက သားယောကျ်ား ကလေးလည်း ဖြစ်နိုင်သည်။ သမီးမိန်းကလေးလည်း ဖြစ်နိုင်တာ မဟုတ်လား။ သည်တုန်းက မအိမ်ကံပင် တောင်တောင် အီအီတွေ လျှောက်တွေး နေဖြစ်ခဲ့ပါ၏။ တစ်ချိန်လုံး ရွှေမှုံ ယောကျ်ားကလေး မွေးပါစေလို့ ဆုတောင်း ခဲ့ရတာလည်း အမော။ မိန်းကလေး မွေးလာ ခဲ့ရင်ကော။ တချို့ညတွေမှာ မအိမ်ကံ ချောက်ချောက် ချားချား တွေးမိသည့် အတွေးတစ်စ ဖြစ်ပါ၏။

“ငါကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် မကိုင်ရတဲ့ ဘဝမှာ ငါက မွေးတဲ့ သမီးကလေးကတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ခွင့် ရစေရမှာပေါ့။ မအိမ်ကံ သမီးက ဖက်စိမ်း ကွမ်းတောင် ကိုင်ရသဟဲ့ ဆိုတာပဲ ဖြစ်ရမှာပေါ့။ တခြား ဘယ်သူ့သားသမီး ဖက်စိမ်းကွမ်းတောင် ကိုင်ရကိုင်ရ ကိုင်ကြစမ်းပစေ။ ရွှေမှုံ့သမီး မကိုင်ရစေဘူး။ ရွှေမှုံ့သမီးက ကွမ်းတောင် ကိုင်ရသယ် ဆိုရင် တစ်သက်မှာ ငါ နှစ်ခါရှုံး ရတော့မယ်။ နှစ်ခါ မရှုံးစေရဘူး။ ရွှေမှုံလည်း မိန်းကလေး မမွေး စေရဘူး”

မအိမ်ကံWhere stories live. Discover now