မအိမ်ကံ (အခန်း ၃၁) // ခင်ခင်ထူး
---
“၁၃၁၇ ခုနှစ်၊ နယုန်လ။
ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊
ထက်ခွင်မိုးလ၊
ကြယ်ဇေဋ္ဌနှင့်
ပြည့်ဝစင်ကြယ်၊
စံပယ်မြတ်လေး၊
ပင်တိုင်း မွှေး၍၊
တွေးတွေးမောင်းနီ၊
ညွန့်ချင်းစီသို့၊
ရာသီမေထုန်။
လ နယုန်မူ၊
မြူးခုန်သာရွှင်၊
မိုးလုလင်လည်း၊
ရွာကျင်ခြိမ့်မျှ၊
ရေးငန်းပြလျှက်...”
ကဆုန်လ ညောင်ရေသွန်းပွဲ ပြီးလေပြီ။ ဇောင်ချမ်းကုန်းရွာကျောင်းရှိ ဗောဓိ ညောင်ပင်ကြီးမှာ ရေသွန်းလောင်းကြသည်။ ညောင်ရေပွဲကတော့ တိုင်းပြည်အခါ မကောင်းသည့်ကြားက စည်စည်ကားကား ရှိခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ထဲက စံပယ်ရုံ၊ မြတ်လေးရုံတို့ ပန်းရေးပြကြသည်ပင် ခူးလို့၊ ကုံးလို့ မကုန်နိုင်ခဲ့။ အိမ်တိုင်းဆီက စံပယ်ပန်းနံ့၊ မြတ်လေးပန်းနံ့တွေ ထုံသင်းလှပါ၏။ မိုးကတော့ ဟန်ရေး တပြပြပင်။ ယာတောင်သူတို့ မိုးကို မျှော်ကြသော်လည်း ကဆုန် လပြည့်ကျော်လို့ နယုန်လပြည့် ရောက်သည့်တိုင် မိုးတစ်ပေါက် မရွာဘဲ ရှိခဲ့သည်။
သို့သော် လောက သဘာဝတရား အရ ပွင့်ကြ၊ ဖူးကြ၊ မွှေးကြ၊ ကြိုင်ကြ သည်က တခြား၊ နိုင်ငံရေး ဆူကြပူကြ၊ ပြေးကြ လွှားကြရတာကတခြား ဆိုတော့ နေ့တပူပူ ညတဆူဆူ ရှိလေ၏။ လွတ်လပ် ရေးရပြီး ဆယ်နှစ်ပင် ပြည့်လေပြီ။ အင်္ဂလိပ်နှစ်နှင့် ဆိုလျှင် ၁၉၅၈ ခုနှစ်ကိုပင် ရောက်လာခဲ့သော်လည်း လွတ်လပ်ရေး ဆိုတာကိုပင် တောနယ် တစ်ဝိုက်က မေ့နေကြပြီ။ ကိုပြေသိမ်း ပြောနေကျ စကားနှင့် ဆိုလျှင် ရွာနာလွန်းလှပြီ။ အလုပ်ကောင်း ကောင်းမလုပ်ရ၊ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်ရ၊ တစ်ဝမ်းတစ်ခါးလက်လှုပ်မှ ပါးစပ်လှုပ်ရသူတွေဆိုတော့ ဆင်းရဲကျပ်တည်းကြတာကလည်း ပြောစရာစကားတောင် မရှိသလောက်ပင်။ မအိမ်ကံတို့ ရက်ကန်းရုံက ရက်ကန်း ခြူကုံးသံ လွင်သေးသော်လည်း သွားရေး၊ လာရေးက လမ်းပူ လှပါသည်။ ဘယ်နေရာမှာမှ စိတ်ချရသည် မရှိ။ လုံခြုံရသည် မရှိ။ မြို့တွေမှာ အနီအဝါ ကွဲကြသလို နယ်တွေ၊ တောတွေမှာလည်း သည်ရောဂါကြီး ကူးစက်နေပြီ။