33

21 1 0
                                    

မအိမ်ကံ (အခန်း ၃၃ အဆက်) // ခင်ခင်ထူး

---

ထနောင်းတိုင်က။ မအိမ်ကံ ဝမ်းသာသွားပါ၏။ ဖိုးကူး သွားနေတာက ဘာပဲပြောပြော နှစ်ရက်သုံးရက် ကြာနိုင်သေးတာ မဟုတ်လား။ ခုတော့ ထနောင်းတိုင်က လိုက်လာကြပြီ ဆိုတော့ မအိမ်ကံ တွေးသလို ကိုပြေသိမ်းထနောင်းတိုင်မှာ လဲနေ ရှာပြီ ထင်၏။ ဘယ်လိုများ နေရှာပါလိမ့်။ တော်တော်သည်းလို့ သာလိုက်လာကြတာ များလား။ ကျေးဥက ဝိုင်းတံခါးဖွင့်နေတာကိုပင် မစောင့်နိုင်ဘဲ မအိမ်ကံ ဝိုင်းဝကို ပြေးထွက်လာခဲ့သည်။ ဘယ်သူကမှ စကား နှုတ်ဆက်အော်လားဟစ်လား မရှိကြ။ မျက်နှာတွေ မှုန်နေကြသည်။ အမျိုးသမီးသုံးယောက်မှာ ကိုပြေသိမ်း၏ကြီးတော် ဒေါ်ကြီးပုံ့နှင့် ကိုပြေသိမ်း နှမဝမ်းကွဲ ခင်သီတို့ဖြစ်၏။ ကျန်တစ်ယောက်ကို မအိမ်ကံ မသိ။ ဒေါ်ကြီး ပုံ့က မအိမ်ခိုင်ကို အပေါ်ထပ် ခေါ်သွားရန် ကျေးဥကို ပြောနေတော့ မအိမ်ကံ ရင်တွေ ခုန်ရပြီ။ ဘုရား ဘုရား။ ကိုပြေသိမ်း ရောဂါကြီး ရှာရော့လား။ မဟုတ်ခဲ့လျှင် လူသုံးလေးယောက် လိုက်လာစရာ မရှိ။

“မအိမ်ကံ၊ ငါ့သမီး သူက မစန်းရီတဲ့။ တို့မြင်းခြံမှာတော့ ဆွေကြီးမျိုးကြီးထဲကပဲ။ ညည်းတို့အိမ် အဝင်အထွက် ရှိတဲ့ မောင်ကံကြီးမောင်ရဲ့ မိန်းမ။ ညည်းတို့ ဘာမှမကြားလောက် ဘူးထင်လို့ လိုက်လာကြတာပဲ။ တို့လည်း သိတာ နှစ်ရက်ရှိ သေးတယ်။ အခြေအနေ စောင့်နားထောင်နေတာနဲ့ တစ်ရက် နောက်ကျသွားတယ်။ မစန်းရီပဲ ပြောပါတော့အေ”

ဒေါ်ကြီးပုံ့က စကား ပရိကံလောက်သာ ပြောပြီး မစန်းရီ ဆိုသူကို စကားအပ်သည်။ မစန်းရီက မအိမ်ကံကို တစ်ချိန်လုံး ကြည့်နေရာက ဒေါ်ကြီးပုံ့ စကားကြောင့် ဆတ်ခနဲလှုပ်သွား သည်။ မအိမ်ကံကို အားနာ နေသလိုလို၊ တွန့်ဆုတ်နေသလိုလို ဖြစ်နေ၏။

“မအိမ်ကံရယ်လို့တော့ ကိုကံကြီးမောင် ပြောပြောနေတာ ကြားဖူးပါတယ်ရှင်။ ကိုကံကြီးမောင်နဲ့ ကိုပြေသိမ်းတို့ကလည်း အင်မတန် ခင်ကြတာ မအိမ်ကံလည်း သိမှာပါ။ လိုရင်းကိုပြော ရရင်တော့ရှင် ကျွန်မလည်း စိတ်မကောင်းပါဘူး။ ကိုကံကြီး မောင်တို့ တစ်သိုက်လုံး တောခို ကြပြီရှင်။ ကျွန်မကိုတောင် မပြောပါဘူး။ နောက်နှစ်ရက် သုံးရက်ရှိမှ ဘုရားပန်းအိုး အောက်မှာ ထားခဲ့တဲ့ စာကို ဘုရားပန်း လဲမှ ဖတ်ရလို့ သိရတာပါ”

မအိမ်ကံWhere stories live. Discover now