မအိမ်ကံ (အခန်း ၂၂ အဆက်) // ခင်ခင်ထူး
---
ညဘက်မှာတော့ ကိုပြေသိမ်း အနား တလျားလျားနေဖို့ မကောင်းတော့တာက တစ်ကြောင်း၊ အဖေတို့ အမေတို့ရှေ့မှာ အမူအရာတွေ ထူးခြားနေမှာ စိုးတာက တစ်ကြောင်းကြောင့် ကျေးဥနှင့် အိမ်ပေါ် တက်လာခဲ့ရသည်။ ကျေးဥက အိပ်ရာခင်းတော့ မအိမ်ကံ ဝါးဘီးကလေးဖြင့် ခေါင်းရှင်းသည်။ ဆံပင် ကလေး တစ်ပတ်လျှို လိုက်ပြီးမှ ကျောဆန့် လိုက်သည်။ အပြင် ဘက်ခန်းမှ ဖိုးကူးပင် ရှိပုံမပေါ်။ ကိုပြေသိမ်း အနား မော့နေတုန်းပဲ ဖြစ်မည်။ မအိမ်ကံ စိတ်တွေက နတ်လမ်းကလေးထဲမှာ။ ကိုပြေသိမ်းက လက်ကလေး ကိုင်လိုက်တော့ မအိမ်ကံ သိမ့်ခနဲ တုန်သွားခဲ့တာကိုလည်း သတိရနေမိသည်။
“မအိမျကံ”
“အင်...”
ကျေးဥက စကား စသော်လည်း အသံထွက်မလာခဲ့။ ပြောမည်ပြုပြီးမှ ရပ်သွားခြင်းဖြစ်သည်။
“မအိမ်ကံကို ပြောစရာ ရှိလို့အေ့”
“ပြောလေ ကျေးဥ။ ဘာပြဿနာများ သယ်လာပြန်ပြီ တုံးအေ”
“မဟုတ်ရပါဘူး မအိမ်ကံရယ်။ ဟိုလေ... ငါ ဖိုးတုတ်နဲ့ မေတ္တာရှိနေပြီ။ အဲသာ ညည်းကို မပြောရဲသာနဲ့ မပြောသာ။ အမေလည်း သိသွားပြီ။ ကြီးပန်းရုံတို့က ပြောလိုက်သာတဲ့။ မအိမ်ကံကော သဘောတူရဲ့လား”
“ငါသိသာဖြင့် ကြာလှပေါ့ ကျေးဥရယ်”
“ဟုတ်လား...။ အယ်တော်”
“မထူးဆန်းပါဘူး ကျေးဥရယ်။ တစ်အိမ်တည်း နေကြရသဲ့ သူစိမ်းတွေပဲလေ။ သဘော မတူစရာလည်း မရှိပါဘူးဟယ်။ ဝမ်းတောင် သာပါသေးသယ် ကျေးဥရယ်။ မအိမ်ကံလည်း ကနေ့ပဲ မေတ္တာစကား အပြောခံရပြီ”
“ဟယ်တော်... ဘယ်သူတုံး။ သည်ကနေ့ မအိမ်ကံနဲ့ငါ ဘုန်းကြီးကျောင်းနဲ့ အိမ်မှာပဲရှိကြတာပါ။ ဘယ်သူက ဘယ်အချိန် လာပြောသွားသာတုံးအေ”
“ဘုန်းကြီးကျောင်းကအပြန် နတ်လမ်းရိပ်မှာ ကိုပြေသိမ်း က ပြောသာလေ”
“အဲ့တော့... မအိမ်ကံက”
“သူကတော့ အဝေးကြီးက သူစိမ်းပေါ့ ကျေးဥရယ်။ မအိမ်ကံ ဝမ်းထဲကတော့ လက်ခံပြီးသားပါ။ သူ့ကိုတော့ စကား မပြန်ရသေးပါဘူး။ ဒါပေမယ့် သူသိပုံပါအေရယ်”