3

124 3 0
                                    

မအိမ်ကံ (အခန်း ၃) //ခင်ခင်ထူး

“နမော တဿတိ။ အောင်မြေကူးဆိပ်ဇမ္ဗူဒိပ်ဟု၊ တံဆိပ်ခေါ်သညာ၊ သာသနာ ရောင်၊ ကျွန်းမြခေါင်၊ နေရောင်မကသာသို့”(သျှိုး)

“ဆယ်ဖြာဦး ဆီမီးဝါ၊ လျှပ်စစ်တန်ဆောင်၊ ပြိုင်တိုင်းရှောင်သည်ဘုန်းခေါင်သာသနာ၌ ..” (သျှိုး)

“ပရမေ သည်သမ္ဗုဒ္ဓငါးမာရ်ဖျက်ခြွေ သုံးလူ့ဆွေသည်၊ ဟောမိန့်ချွေပြခဲ့၏ ”(သျှိုး)

“ခြောက်နတ်ရွာ မှန်မလွဲဇောင်ချမ်းကုန်းရွာကုသိုလ်ရှာသည်၊ အလှူဒါန ခြိမ့်ခြိမ့်သဲ၏ ”(သျှိုး)

မနက်ခင်း ရှင်လောင်းသွင်းချိန် … ။ သူကြီးပိုင် အိမ်ကြီးအပေါ်ထပ်က လှမ်းကြည့်လျှင် ရွာ့အနောက်လှမ်းလှမ်းက သီးနှံစိုက်ခင်းတွေကို မြင်ရသည်။ သူကြီး ဦးသာထန်၏ အိမ်ကြီးက ရှေးအိမ်ကြီးဖြစ်၍ ရေနံရည် ဝချင်တိုင်းဝနေသဖြင့် တစ်အိမ်လုံး နေရာလပ်မရှိအောင် ညိုမှောင် စိုအိနေသည်။ သူကြီး ဦးသာထန်၏ ဘိုးဘွားများလက်ထက်ကတည်းက ဆောက်ထားသည့်အိမ်ဖြစ်၍ ကာလနှစ်ထမ်း ကြာလှပြီ။ ဦးသာထန်၏အဖေ သူကြီး ဦးဘိုးခလက်ထက်တုန်းကတော့ အိမ်ကြီးမှာ ဝဲလင်း ဆောင်တစ်ဆောင် ချဲ့ခဲ့သေးသည်။ အရှေ့ဘက်လှည့်သောအိမ်များတွင် အရှေ့တောင်ဘက်စွန်းမှာ တုတ်ထားသည့် ဧည့်ခံနေရာကို ဝဲလင်းဆောင် ခေါ်ကြခြင်းဖြစ်၏။ သည်ဝဲလင်းဆောင် တစ်ဆောင်လုံးမှာ မှော်ပွင့်မှော်တန်းခေါ်ကြသည့် သစ်သားပန်းကလေးတွေ စီစီရီရီ ထုဆစ် ထားသည်။ သစ်သားပန်းကလေးတွေကို အနားတစ်လျှောက် မန်ကျည်းရွက်တန်းဖြင့် အနားသပ် ထားသည်။ မြင်းခြံမြောက်လက် ဆီမီးခုံနယ်က လက်သမားဆရာ ဆရာမွန်း၏လက်ရာဟု အစဉ်အဆက် ပြောခဲ့ကြပါ၏။ အိမ်မကြီးအပေါ်ထပ်ကို တက်သည့်လှေကားကပင် အပြန် ကျယ်ဝန်းလှသည်လှေကားဆံတစ်ထစ်တိုင်းမှာ ငွေဒင်္ဂါးပြားကြီးတွေကို အချပ်လိုက် သံဖြင့် ရိုက်ကပ်ထားသဖြင့် မအိမ်ကံ အိမ်ပေါ်တက်တိုင်း ငွေဒင်္ဂါးပြားတွေကို နင်းတက်တတ်သည်။ အပေါ်ထပ်ပြတင်းပေါက်တွေကတော့ မဖွင့်သလောက်ပင်။ ပြတင်းပေါက်အပေါ်က မှန်လည်တွေ ကတော့ တစ်ဝက်စာလောက် ပွင့်နေကြသော်လည်း ဖုန်တွေ ပိုးမျှင်တွေ တင်းကြမ်း။

မအိမ်ကံWhere stories live. Discover now