14

30 0 0
                                    

မအိမ်ကံ (အခန်း ၁၄) // ခင်ခင်ထူး

သည်တစ်ဒင်္ဂအတွင်း မအိမ်ကံ၏ခံစားမှုမှာ နွေးအိသော အထိအတွေ့အာရုံကို သိလိုက်ခြင်းဖြစ်ပါသည်။ သူမတစ်ကိုယ်လုံးလေထုထဲ မြောက်တက်သွားရာက လေဟာနယ်ထဲမှာ အသည်းတအေးအေး ပြုတ်ကျသွားသလို ခံစားနေရပြီး ရင်တွေကလည်း တလှပ်လှပ် ခုန်လာခဲ့ခြင်းဖြစ်၏။ မိန်းကလေး ဗီဇသဘာ၀ ရင်ကို လက်နှစ်ဖက်ယှက်လိုက်ရင်း ကာထားလိုက်မိတာကိုလည်း မျက်တစ်ခတ်အတွင်းမှာ သိလိုက်ပါ၏။ မအိမ်ကံ သတိမထားမိ လိုက်သည့်အရာမှာ တဲပျက်တံခါးဝမှာ ရှိနေသော ဒဂကျော် (တံခါးကျော်)မြေတစ်ဝက်မြုပ် ဝါးလုံး ဖြစ်သည်။ မြေစိုင်ခဲမဟုတ်။ အရင်က သည်တဲကလေးကို သေသေသပ်သပ် ဆောက်ထားခဲ့ပုံ ပေါ်ပါသည်။ အခင်းစောင့်တဲတွေလို အမိုးမိုး အကာလေး ဖက်ချထားတာမျိုးမဟုတ်။ ကဲလားထောက် ပြတင်းတွေပါ ပါအောင်ဆောက်ထားသည့် လူနေတဲကြီးတစ်တဲ ဖြစ်ခဲ့ဟန် တူပါ၏။

မအိမ်ကံ ဟန်ချက်အပျက်မှာ သာအောင်က လက်တစ်ဖက်ဖြင့် ထိန်းလိုက်သဖြင့် ကျေးဇူးတင်လိုက်မိသော်လည်း မခံချင်စိတ်ကလေးကလည်း ဖျင်းခနဲ ပါလာခဲ့သေးသည်။ သို့သော် မအိမ်ကံက စိတ်ကိုချက်ချင်းလိုလို ထိန်းလိုက်နိုင်၏။ သာအောင်သာ လှမ်းမဖက်လိုက်လျှင် ရှေ့ကိုဟပ်ထိုးလဲဖို့သာ ရှိတော့သည်။ မအိမ်ကံ ရင်ခုန်တာ မပျောက်ချင်သေး။ ရင်ထဲမှာ မောတောဆို့တို့ ကတုန်ကယင်ကြီး ဖြစ်နေသည်။

“မအိမ်ကံက ဒဂကျော်တန်းကို မမြင်လိုက်ဘူး ထင်တယ်။ လဲမှာစိုးလို့ပါ မအိမ်ကံ။ အားနာပါသယ်ဗျာ”

သာအောင်ကလည်း အကြေကြေအမွမွ ဖြစ်သွားသော သူ့စိတ်ကို ပုံမှန်ရောက်အောင် ပြန်စုစည်းနေရပုံပေါ်သည်။ ဖက်ထားသည့်လက်တွေကို ချက်ချင်းဖြေလျှော့ပေးလိုက်ပါ၏။ တောင်းပန်နေသော အသံကလည်း ပကတိရိုးသားမှု ဆိုတာ မအိမ်ကံ သိပါ၏။ သာအောင်က သူမသာ ကြားနိုင်သောအသံဖြင့် ပြောနေခြင်း ဖြစ်သည်။ မအိမ်ကံ အော်လိုက်သော “အို... အမေ့” ဆိုသည့်အသံကကော ကွင်းထဲကို ရောက်သွားလေသလား။ ဘယ်သူတွေများ ကြားသွားပါလိမ့်။ မအိမ်ကံမှာ သူ့နှလုံးခုန်သံကို ပြန်ငြိမ်အောင် ကြိုးစားနေရခြင်းနှင့်အတူ အထိတ်တလန့် ဖြစ်နေခဲ့သည်။ ရွာပြင်ကွင်းကျယ်ထဲက တဲအိုတဲပျက်ကြီးတစ်လုံးထဲမှာ ဆွေမတော် မျိုးမစပ် ရွယ်တူ သူစိမ်းယောကျ်ားကလေးတစ်ယောက်နှင့် သည်လို လာတွေ့မိခြင်းသည်ပင် အမှားဖြစ်ကြောင်း မအိမ်ကံ သတိထားမိလိုက်သည်။

မအိမ်ကံWhere stories live. Discover now