21

23 1 0
                                    

မအိမ်ကံ (အခန်း ၂၁ အဆက်) // ခင်ခင်ထူး

---

ဖုန်တထောင်းထောင်းထ ကျန်ခဲ့သော ဖုန်လုံးကြီးတွေ။

ဇောင်ချမ်းကုန်း ရွာတာလမ်းတွင် ဖုန်ထောင်းထောင်း ထအောင် မောင်းသွားသော ကားတစ်စီး အကြောင်းကို တစ်ရွာလုံးက ရက်အတန်ကြာချိန် အထိ ပြောလို့ပဲမပြီးနိုင်ကြ။ မအိမ်ကံပင် အိမ်ပေါ်က ပြေးဆင်း ကြည့်ခဲ့ရသည်။ ရွာလမ်း တစ်လမ်းလုံး ရှင်ပြုပွဲကြည့်သလို ကြည့်ခဲ့ကြသည်။ ဇောင်ချမ်းကုန်း ရွာမှာတင် မကပါ။ အနောက်တန်း ရွာတွေကပါ သည်ကား အကြောင်း လှိုင်လှိုင်ထအောင် ပြောနေကြသည်။ ကားက မကြီးလှဘဲ ဒရောသောပါး မောင်းသွားခြင်း ဖြစ်၍ ရွာသူ ရွာသားတွေ ထွက်ကြည့် ကြချိန်မှာ အတော် ဝေးဝေးကိုပင် ရောက်နေပြီဆို၏။ မြင်းခြံ ဇောင်ချမ်းကုန်းလမ်းသည် လှည်းလမ်း ဆိုသော်လည်း ကားမောင်းလို့ ရသည့် မြေမာလမ်း ဖြစ်သည်။ ထိုနေ့က တန်ဆောင်မုန်း လပြည့်ကျော် နှစ်ရက်နေ့ဖြစ်သည်။

“ကားက မှုန်ကုပ်ကုပ်နဲ့ ပါတော်၊ ဘီလူးမျက်နှာကြီးသာ ကြည့်တော့။ အလံကလေး ထိုးထားလိုက်သေးသာ၊ ကားပေါ်မှာ စစ်ပုလိပ်တွေလား မသိဘူး။ နှစ်ယောက်ပါ သွားသာ။အနောက်ထဲ ထိုးမောင်းသွားသာများ ဘုန်းကြီးပျံပွဲ ဒုံးလွှတ် လိုက်သယ့် အတိုင်းပဲ”

“ရော် ကျုပ်တွေ့သာ သုံးယောက်ဗျ။ မောင်းသွားသာက တစ်ယောက် သတ်သတ်ရယ်၊ နားရွက် နှစ်ဖက်က ဖတ်လတ် ဖတ်လတ်နဲ့၊ တစ်ယောက်က မျက်မှန်နဲ့”

“နှုတ်ခမ်းမွေး ပါသာက တစ်ယောက်ရယ်၊ ကျုပ်က နွားစာရိတ်က အပြန် မြက်ထုံးကြီးနဲ့ ကားပေါ်က လူတွေက ကျုပ်တောင် ပြုံးပြသွားသေးသာ”

ဝေါခနဲ ဖြတ်မောင်းသွားသော ကားကို ဘယ်သူကမှ ကတွတ်၀ ဗျိုင်းစောင့်သလို ကြိုကြို တင်တင်က ကြည့်နေခဲ့ကြတာ မဟုတ်။ ထွက်ကြည့်ကြပြီ ဆိုကတည်းက တရကြမ်း မောင်းသွားသည့် ကားကို နောက်မြီးက မှုန်မှုန်လောက်မြင် လိုက်ရခြင်းသာ ဖြစ်ပါ၏။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် ကာလ တစ်လျှောက်လုံး ကားရယ်လို့ တစ်ခါဖူး မျှမလာ ဖူးခဲ့သော သည်ဘက်ရွာတွေကို ကားတစ်စီး ရောက်လာတာကလည်း ထူးဆန်းနေသည်။ မြို့ကို အရောက် အပေါက် မရှိသူတွေ ကတော့ ကားဆိုတာ မမြင်ဖူးတော့ ဝိုးတိုးဝါးတား နိုင်လှသည်။

မအိမ်ကံWhere stories live. Discover now