29

19 1 0
                                    

မအိမ်ကံ (အခန်း ၂၉ အဆက်) // ခင်ခင်ထူး

---

ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်။

ပူပြင်းလှသော နွေခေါင်ခေါင်ရက် တစ်ရက်တွင် ထနောင်းတိုင် ရွာကြီးတွင် ခင်မင်ခဲ့ရသော ကိုကံကြီးမောင် ဆိုသူ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့သည်။ ဘယ်က ဘယ်လို ဇောင်ချမ်းကုန်းကို ကူးလာသည် မသိရ။ ထနောင်းတိုင် ရွာတွင် တွေ့ခဲ့ရသလို အင်္ကျီကြွေတိုက်နှင့် ကြော့ကြော့ကလေး မဟုတ်တော့။ လည်ခေါင်းတုံး အင်္ကျီက ကြေးလက်လေးသစ် ထလျက်ရှိကာ ပုဆိုးကတော့ မြောက်ပြင်ထည် ခပ်လတ်လတ်နှင့်ဖြစ်ပါ၏။ ပိုလိုဘူးတစ်ဘူးနှင့် ဒန်မီးခတ်ကိုတော့ လက်တွင်း ဆုပ်ထား မပျက်။ ကိုကံကြီးမောင် ရောက်လာချိန်တွင် ကိုပြေသိမ်းက ကျောင်းကို ရောက်နေခိုက် ဖြစ်၏။ မအိမ်ကံနှင့် မျက်မှန်း တန်းဖူးသည် ဖြစ်၍ အိမ်မှာပဲ ဧည့်ခံထားလိုက်သည်။ မအိမ်ကံက ကိုကံကြီးမောင်ကို ဧည့်ခံရင်းက ကိုပြေသိမ်း ဖတ်သည့် စာအုပ်တွေ အကြောင်း စိတ်ရောက် သွားခဲ့သည်။ အတော်ပဲ။ သည်အချိန်မှာ မသိမသာ မေးလျှင် အစွန်းအစတော့ ရနိုင်သည်။

“ကိုကံကြီးမောင်တို့များ ကျွန်မတို့ အိမ်က ကျောင်းဆရာကို ဘာစာအုပ်တွေများ ငှားလိုက်သာလဲ မပြောတတ်ပေါင်ရှင်။ ဖတ်လိုက်သာမှ သည်းကြီးအူပြတ် ရောက်ကတည်းက ဖတ်သာ ခေါင်းမဖော်ဘူး”

“ကျုပ်ကလည်း လူကြုံနဲ့ပါ ပို့ပေးသေးသာဗျ။ ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေပါပဲ။ ကျုပ်က ရန်ကုန်မှာ မိတ်ဆွေတွေရှိတော့ စာအုပ်တွေ ရတတ်ပါသယ်။ ကိုပြေသိမ်းလည်း ဖတ်ခိုင်းရသယ်။ ကိုပြေသိမ်းက ကျုပ်နဲ့တော့ ဓာတ်တည့်သားဗျ”

ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေတဲ့။ မအိမ်ကံ နားမလည်။ ကွန်မြူနစ်ဆိုသည့် ခေတ်ပညာတတ်တွေ ဆိုတော့ အသိတွေ၊ ပညာတွေက အများသား။ သည့်ထက် ပိုသိရအောင် မေးချင်သဖြင့် စကားကောက်ရပြန်ပါ၏။ ကိုကံကြီးမောင်က ပါလီမန် ရွေးကောက်ပွဲတွေ လုပ်နေသော်လည်း တိုင်းပြည် မအေးချမ်းတာတွေ ပြောနေသည်။ အာဏာနှင့် အခွင့်အရေးတွေ နောက်လိုက်ကြရင်း အစုတွေ ကွဲပုံတွေလည်း ပါသည်။ ဘောင်းဘီဝတ်ကတစ်မျိုး၊ တောင်ရှည်က တစ်မျိုးဆိုတာ လည်းပါသည်။ လွတ်လပ်ရေးရခဲ့သည်ပင် နှစ်နှစ်သား ရှိခဲ့ သော်လည်း တိုင်းပြည်က ဆူကြပူကြတုန်းဆိုတာလည်း ပါသည်။ မအိမ်ကံ သိချင်သည့် စာအုပ် မရောက်တော့ဘဲ ကိုကံကြီးမောင် ပြောသမျှ ပါးစပ်အဟောင်းသားဖြင့် နားထောင်နေရလေသည်။

မအိမ်ကံWhere stories live. Discover now