16

21 1 0
                                    

မအိမ်ကံ (အခန်း ၁၆ အဆက်) // ခင်ခင်ထူး

---

နိုင်ငံခြားဆေးဆိုးပုံ ဆိုးနည်းကိုပါ မေးမြန်းတီးခေါက်ပြီး စမ်းသပ်ကြည့်ရန်ဝယ်ခဲ့ခြင်းဖြစ်သည်။ ကျန်တာကတော့ ရွာမှာ အလွယ်တကူ မရနိုင်သည့် မီးဖိုချောင်သုံး ပစ္စည်းများ၊ စားဖွယ်သောက်ဖွယ်၊ ငါးခြောက်ရယ်၊ ငါးပိရယ် ဆိုသလို စုံစေ့အောင် ဝယ်ရသည်။ မြင်းခြံ တစ်ခေါက်ရောက်ဖို့ရာက လွယ်တာမဟုတ်။ ပြီးတော့ ပရဆေး၊ ဆေးဝါး အနည်းအပါး ဝယ်ရသည်။ ရွာဦးဆရာတော်ကျောင်းအတွက် လှူဖွယ်တန်းဖွယ်ကိုလည်း ဦးထိပ်ထားဝယ်ရသည်။ ပြီးတော့မှ မြင်းခြံကို တစ်ခေါက်တစ်ကျင်း ရောက်ရရှာသော ဖိုးတုတ် ညီအစ်ကိုနှင့် ကျေးဥတို့ အတွက် တစ်ခုခုကို ဝယ်ပေးဖို့ သတိရမိ၏။

“ကိုင်း ကျေးဥတို့၊ ဖိုးကူးတို့ ဘာလိုချင်သတုံး။ မြင်းခြံ ဈေးရောက်တုန်း ရွေးကြစမ်းဟဲ့”

မအိမ်ကံက မေးသော်လည်း သူတို့တစ်တွေ ဘာပူဆာတတ်မှာတဲ့လဲ။ တောမှာမွေး၊ တောမှာကြီးကြသူတွေပီပီ ရွာထွက် အထည်ဝတ်ပြီး ရွာထွက် အစားအသောက်နှင့်သာ ပြီးကြရရှာသူတွေ မဟုတ်လား။ မအိမ်ကံဝယ်သမျှ ပစ္စည်းတွေကို ခေါင်းရွက်နှင့် တစ်မျိုး၊ ပခုံးထမ်းနှင့်တစ်ဖုံ ကူကယ် ခေါက်ကယ်သယ်ပိုး နေကြရှာသော သူတို့ကို ကြည့်ကာ မအိမ်ကံ ကရုဏာသက်မိရပါ၏။ သည်တော့လည်း သင့်နိုးရာရာပစ္စည်းကို မအိမ်ကံကပဲ ရွေးချယ်ဝယ်ပေး လိုက်သည်။

“ကဲ ရော့ ဟောသာ ကျေးဥအတွက် ပရိုကိတ် လုံချည်။ ဖိုးတုတ်နဲ့ ဖိုးကူး ကတော့ ဘန်ကောက်ပုဆိုး တစ်ထည်စီ။ သည်တစ်ခါ ရွာအလှူကျရင် ငါ့မောင်တွေ ရှိုးထုတ်ရအောင်လို့တော်”

မအိမ်ကံက ဖိနပ်ကောင်းတစ်ရန်စီလည်း ဝယ်ပေးလိုက်သေးသည်။ ရက်ကန်းရုံက အပျိုမတွေအတွက် မျက်နှာချေ တစ်ဖာဝယ်ခဲ့သည်။ မအိမ်ကံ ကိုယ်တိုင်ကတော့ ဘာမှမဝယ်ဖြစ်ခဲ့ပါ။ ဖိုးကူးကတော့ မအိမ်ကံဝယ်ကျွေးသော ကုလားမုန့် တွေကို စားရတာ ကျေနပ်နေတော့၏။ မအိမ်ကံတို့လှည်းတွေ ဈေးကပြန်လာတော့ နေကြီးတောင် အတော်မြင့်နေပြီ။ ပွဲကတော်ကြီးနှင့် ငွေပေးငွေယူ စာရင်းအပ်၊ စာရင်းယူလုပ်ကြ ပြီးသည့်နောက်မှာတော့ ဆွမ်းစားချိန်ပင် ကျော်လုပြီ။ ပွဲကတော်ကြီးက ထမင်းတောင်း၊ ဟင်းတောင်း ခရီးစာထည့် ပေးနေသည့်အပြင် အိမ်မှာပါ ကျွေးလိုက်ဖို့ ပြင်နေလို့ မအိမ်ကံ က ဇွတ်တားရသည်။

မအိမ်ကံWhere stories live. Discover now