19

24 1 0
                                    

မအိမ်ကံ (အခန်း ၁၉) // ခင်ခင်ထူး

---

ဝင်းတံခါး နှစ်ချပ်ကြားသို့ လူတစ်ယောက် ရုတ်တရက် လက်ထိုး ခံလိုက်သဖြင့် မအိမ်ကံ တံခါး မောင်းထိုးရန် မဖြစ်တော့။ မအိမ်ကံမှာ တံခါးနှစ်ချပ် ပွင့်မသွားဖို့သာ အရင်ကြိုးစားနေရသည်။ တံခါးကြီး နှစ်ချပ်ကြား ညှပ်နေသော တိုက်ပုံအင်္ကျီဝတ် လက်ကြီးတစ်ဖက်က မအိမ်ကံဘက်မှာ ရှိနေခြင်း သည်ပင်လျှင် ကြောက်စရာ ကောင်းလှသည်။ မအိမ်ကံ မြင်ရသလောက် တိုက်ပုံအင်္ကျီလက်က အနားတွေ ဖွာထွက်နေကာ အဖာအထေး ကလည်း များလှသည်။ တိုက်ပုံအင်္ကျီ‌လက်ထဲက ထိုးထွက်နေသော လက်ဖျံနှင့် လက်ဖဝါး တစ်ခုလုံးသည်လည်း အိုးမဲလိုလို၊ ရှားစေးလိုလို ညစ်မွဲမွဲ ကြေးညှော်တွေ ပေကျံလျက်ရှိပါ၏။

မအိမ်ကံအတွက်လုပ်စရာ အလုပ်တစ်ချက်သာ ရှိသည်။ တံခါးကြီးနှစ်ချပ်ကို ကိုယ်လုံးဖြင့် ဖိခြင်းအားဖြင့် လက်ညပ်သွားစေနိုင်သည်။ သည့်ထက် အားစိုက်လိုက်ရင် ကျိုးပင် ကျိုးသွားနိုင်သည်။ သည်လူက လှည်းပေါ်က ဖျတ်ခနဲ ဆင်းလာပြီး တံခါးအနီး ရောက်အောင် ကပ်လိုက်တာကို မအိမ်ကံ ဝင်းထဲအဝင်မှာ သတိထား လိုက်မိသော်လည်း သည်လို အတင့်ရဲလိမ့်မည် မထင်ခဲ့။ သူကြီးအိမ်ကို သည်လို နွမ်းပါးလှသော လှည်းသမား တစ်ယောက်က ပိုင်စိုးပိုင်နင်း လုပ်စရာ အကြောင်းမရှိ။ အဖေ့လူတွေလား။ ဒါမှမဟုတ် အဖေ့ကို ရန်ပြုချင်သူတွေလား။ ခေတ်ကာလ မကောင်းတော့ တချို့ ရွာတွေမှာ သူကြီးကိုပင် ဒုက္ခပေးနေကြတာတွေ ကြားရသည်။ အခုလည်း အဖေ့ကို ရန်လုပ်ချင်လို့ပဲဖြစ်ရမည်။ အဖေ့လူ ဆိုလျှင် သူကြီးမင်း ရှိသလား လောက်တော့ မေးရမည် မဟုတ်လား။ အခုတော့ ပိတ်လိုက်သည့် တံခါးကိုပင် လက်ထိုးခံလိုက်သည်ဆိုတော့ လူကောင်း ဖြစ်စရာမရှိ။ မအိမ်ကံက တံခါးနှစ်ချပ်ကို ကျောကပ်ကာ ဖိပစ်လိုက်သည်။

“ဟဲ့ ဟဲ့ ကံကလေး ငါ့နှမ လက်များ ကျိုးပါရော့မယ် ဟာ၊ ဖွင့်စမ်းပါ မြန်မြန်”

အသံက ခပ်အုပ်အုပ်။ ကံကလေးတဲ့ ငါ့နှမတဲ့။ ဟယ်တော် အစ်ကို မောင်မြတ်သာပေါ့။ မအိမ်ကံ တံခါးကို ကျောဖြင့် ဖိကပ်ရာက လှည့်ကာ လူတစ်ကိုယ်စာလောက် ဖွင့်ပေးလိုက်သည်။ အစ်ကိုမောင်မြတ်သာ ဆိုလို့သာကော။ ဝင်လာသည့် လူကြီးက စုတ်စုတ်ပြတ်ပြတ် နိုင်လှချည်လား။ ကြီးမား ချောင်ပွလှသော ပင်နီထူတိုက်ပုံကြီးမှာ မူလအသားထက် ဖာကွက်က များလှပါ၏။ အရောင်အဆင်း ဆိုတာတော့ ရေသနုတ် ပုဆိုးကမှ ပြောင်သေးသည်။ နှုတ်ခမ်းမွှေး ဖားလျား တွေက စပါးလုံးတစ်ထောက်စာ မကအောင်ပင် ရှည်လျားလှသည်။ ဆံပင် ဘုတ်သိုက်က ကြီးမားလှသော ဖျင်ခေါင်းပေါင်းကြီးပေါင်းထားသည့်ကြားက လျှံထွက်နေကြ၏။ မျက်တွင်း တွေက ချိုင့်နေလိုက်တာ။ ရင်ညွန့်ရိုး၊ လည်ပင်းရိုး တွေက လည်း ငေါလွန်းလှသည်။ အသားအရေကတော့ ယောဂီရောင် ကျေးတစ်ရာ ပုဆိုးဟောင်းလို ညိုမွဲမွဲ။ မအိမ်ကံက အစ်ကို ဖြစ်သူကို ခြေဆုံး ခေါင်းဆုံးကြည့်ရင်း အံ့သြနေခဲ့သည်။ အစ်ကိုရယ် ဘယ်လိုများ ဖြစ်လာတာလဲ။ တောခြေရွာတွေဘက် မီးသွေး ဖုတ်ဖိုတွင် လှည်းတိုက်ကြသူ လှည်းသမားတွေလို မျက်လုံးကလေးတွေသာ အရောင်ရှိတော့သည်။ မောင်နှမ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတာ အကြာကြီး။ မအိမ်ကံက တံခါးမောင်းကို ထိုးလိုက်ပြီး အစ်ကို ဖြစ်သူကို လက်မောင်းက ဆွဲခေါ်လာခဲ့သည်။

မအိမ်ကံWhere stories live. Discover now