6

63 2 0
                                    

မအိမ်ကံ (အခန်း ၆) // ခင်ခင်ထူး

မနက်မိုးလင်းတော့ ပွဲစားကြီးအိမ်က အငွေ့ တထောင်းထောင်းထနေသည့် စားဖွယ် သောက်ဖွယ်တွေ စားပွဲကြီးနှင့်မဆံ့အောင် တည်ခင်းကာ တည်တည်ပပဧည့်ခံကြသည်။ စား သောက်ပြီးတော့ မအိမ်ကံတို့ လှည်းနှစ်စီးဖြင့် ထွက်ခဲ့ကြသည်။ အလာတုန်းကလိုပဲ ကိုဖိုးငွေ မောင်းသည့်လှည့်ပေါ်မှာ ဦးသာထန်သားအဖနှင့် မလှအုံ လိုက်ခဲ့သည်။ ဦးသာညိုလှည်းပေါ်မှာ တော့ တပည့်များနှင့် ဝန်စည်စလွယ်တွေ တင်ထားသည်။ ဆီပုံးများ၊ ကြက်သွန်နီ ဂုန်နီအိတ်များ၊ သရက်သီးတောင်းများ တင်ထားခြင်းဖြစ်၏။

ပွဲစားကြီးအိမ်ကထွက်တော့ မြင်းခြံမြို့ သည်ပင် လင်းနေပြီ။ မြင်းခြံမြို့၏ လမ်းကျယ်ကျယ်များ၊ ရှေးတိုက်ကြီးများ၊ ကုန်စုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ ဈေးဘက်ကို အလုအယက် ပြေးလွှားနေကြသည့် ဈေးသည်များ၊ အိုးလှည်း ထင်းလှည်း စသည့် တအီအီလှည်းများကအစ မအိမ်ကံ မျက်စိအလွတ်မခံဘဲ တအံ့တသြ လိုက်ကြည့်နေမိသည်။ မသိတာရှိတော့ ဖအေကို မေးသည်။ မအိမ်ကံ သဘောအကျဆုံးကတော့ ဘိုင်စကယ်တွေကိုပဲ ဖြစ်သည်။ ဘီးကလေး နှစ်ဘီးပေါ်က တန်းပေါ်မှာ မလဲမပြိုဘဲ စီးသွားကြတာကို အံ့သြမိရ၏။ မြင်းခြံမြို့လယ် လမ်းမကြီးက ကျယ်လိုက်တာ။ လူတွေ အများကြီး သွားလာနေကြသည်။ လူတွေ အိမ်တွေထဲမှာ ရှိကြသေးရဲ့လား။ ဘယ်ကိုများ သွားလာနေကြတာပါလိမ့်။ မြန်မာမဟုတ်သော လူမျိုးခြားတွေ ကိုလည်း တွေ့သည်။ အလှတွေ ပြင်ထားသည့် မိန်းမတွေကိုလည်း တွေ့သည်။ ယောက်ျားကြီး တွေကတော့ ခပ်ရိုးရိုး ဝတ်ကြစားကြသော်လည်း မအိမ်ကံတို့ ရွာကလူတွေလို သျှောင်တစောင်း ထုံးတွေ မဟုတ်ကြ။ ဘိုကေပါးတွေနှင့်သာ အတွေ့များသည်။ လမ်းထောင့်တချို့မှာလည်း လက်နက်ကိုင်ပုလိပ်တွေကို တွေ့ရသည်။

“ဘေးကို … ဘေးကို”

မအိမ်ကံတို့လှည်းရှေ့က အော်ရင်း တွန်းသွားသည့် လက်တွန်းလှည်းကြောင့် ကိုဖိုးငွေ ပင် လှည်းကို တုန့်လိုက်ရသည်။ လက်တွန်းလှည်းပေါ်မှာ အိတ်တွေတင်ထားလိုက်တာ အပြည့်၊ ရှေ့က လက်တံနှစ်ချောင်းကို လူက ဆွဲနေတာတွေ့တော့ နွားနဲ့ ဘာလို့မဆွဲတာပါလိမ့်လို့ မအိမ်ကံ စဉ်းစားကြည့်မိသည်မနက်စောစောကြီးမှာ ချွေးတွေ ရွှဲနေသည့် လက်တွန်းလှည်း ဆွဲသူကိုကြည့်ရင်း မြို့ကလူတွေလည်း ပင်ပန်းကြတာပါပဲလားလို့ တွေးမိသည်။ ဟင်းရွက်ထုပ်ကြီးတွေ မနိုင်မနင်း ရွက်ကာ လျှောက်နေကြသော တောဈေးသည်များ၊ ခံတောင်းကြီးတွေရွက်ပြီး ခုံဖိနပ်မြီးတို တဂွပ်ဂွပ်သံပေးကာ အပြေးတစ်ပိုင်း သွားနေကြသည့် မိန်းမကြီးတွေကလည်း ကြည့်ရတာနှင့်ပင် ဆင်းရဲပုံ ပေါက်နေကြတာပါလား။

မအိမ်ကံWhere stories live. Discover now