9

42 1 0
                                    

မအိမ်ကံ (အခန်း ၉) // ခင်ခင်ထူး

ကဆုန်လဆန်း ၁၄ ရက်၊ ကြာသာပတေးနေ့ (ရက်ရာဇာ)။ မအိမ်ကံတို့ ရွာတွေမှာ နဘန်ပွဲ (နားပန်ပွဲ) တွေ ပြုလုပ်လေ့ရှိကြပါသည်။ နားပန်မည့် မိန်းကလေးများအတွက် အပျိုဖော် စာရင်းဝင်ပါပြီဟု ရွာကို အသိပေးသည့် ပွဲလည်း ဖြစ်သည်။ သားယောကျ်ားကလေးကို ရှင်သာမဏေပြုပေးကြသကဲ့သို့ သမီးမိန်းကလေးများကိုလည်း နားထွင်းမင်္ဂလာပြုလုပ်ပေးတတ်ကြသည်မှာ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သည့်အတိုင်း ဇောင်ချမ်းကုန်းရွာတွင်လည်း သမီးမိန်းကလေးအရွယ်ရောက်ကြောင်း အသိအမှတ်ပြုသည့် နဘန်ပွဲကို မဖြစ်မနေကျင်းပလေ့ ရှိကြပါသည်။ မအိမ်ကံ နားပန်မည့်နေ့က ထူးထူးခြားခြား တိမ်တံခွန်တွေ ထွက်နေခဲ့သည်။ ကောင်းကင်ထက်မှာ တလိပ်လိပ်တက်နေသော တိမ်ဖြူတံခွန်ကြီးကို တအံ့တသြ ရှိကြရသည်။ လူတွေက တစ်ယောက်တစ်ပေါက် စကားကြိုးထုံးကြရာက တစ်ရွာလုံး ပြန့်သွားခဲ့၏။ အတိတ်နိမိတ် ကောက်တတ်သော အဘိုးပြိုင်းကတော့ အရှေ့တောင်က တိမ်တံခွန်ထွက်လို့ စစ်မက်ရောက်တတ်သည်ဟု နိမိတ်ဖတ်လေသည်။ သည်ကနေ့ ကြာသာပတေးနေ့ ဖြစ်သည့်အတွက် နားပန်မည့် မအိမ်ကံ ကလေးအဖို့မူ ကတော်ဆယ်ပါး တစ်ပါးအပါအဝင် ဖြစ်လိမ့်မည်ဟု ဆိုလေသည်။

မအိမ်ကံ နားထွင်းမည့်နေ့ဆိုတော့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိနေကြသည်။ ပွဲကြီးလမ်းကြီး မဟုတ်သော ပြုလုပ်မြဲ ရိုးရာဓလေ့ဆိုသော်လည်း တတ်နိုင်သူက တတ်နိုင် သလို ဘုရားအမှူးပြု၍ သံဃာတော်များအား ဆွမ်းလုပ်ကျွေး ကြသည်။ လူပရိသတ်ကို ဖိတ်ကြားကျွေးမွေးကြသည်။ အဝေးရွာက ဆွေမျိုးသားချင်းတွေလည်း ရောက်နေကြရပါ၏။

“အုံ၊ ဟဲ၊ နာ၊ ကျင်၊ စွာ နားထွင်းမပြုရာတဲ့။ တနင်္ဂနွေ၊ သောကြာ၊ စနေ၊ တနင်္လာ၊ အင်္ဂါနေ့များမှာ နားမထွင်းရဘူး။ ရွှေ၊ ပန်း ခေါ်ထ နေ့နှစ်၀ ထွင်းကြနားကိုသာတဲ့။ ဗုဒ္ဓဟူး နဲ့ ကြာသပတေး နေ့နှစ်နေ့ပဲ ထွင်းကြရသယ်”

နားဖောက်ဆရာ ပေးသည့် နှစ်ရက်ထဲက အခါပေး တတ်သူ အဘိုးပြိုင်းကိုယ်တိုင် ရွေးပေးသည့်ရက်မှာ ကြာသပတေးနေ့ ဖြစ်၏။ ကဆုန်လမှာ ကြာသပတေး ရက်ရာဇာကျသည်။ လဆန်းဆယ့်လေးရက် ဆိုတော့ မနက်ဖြန် ကဆုန် လပြည့်။ လဆုတ်ရက်ဆိုလျှင် ဆုတ်ယုတ်တတ်သည်ဟုလည်း အယူ ရှိကြပါ၏။ ရွာက နားထွင်းဆရာလည်း ခေါ်ကြ၊ နားဖောက် ဆရာလည်း ခေါ်ကြသည့် ဆရာသောင်းက သတ္ထုဘူး ကလေးကို ဖွင့်ပြသည်။ အထဲ မှာ ရွှေအပ်၊ ငွေအပ်၊ ဘော်အပ် ကလေးတွေ ပါသည်။ နဖား ပွင့်ဖူးဖူးကလေးတွေ ပါသော အပ်ချောင်း ရှည်ရှည်ကလေး တွေ ဖြစ်၏။ အဘိုးပြိုင်းပေး သည့်အချိန်က မနက်စက်နာရီ ကိုးနာရီခွဲဆိုတော့ မအိမ်ကံ တို့အိမ်က သံစုံ ချိန်သီးနာရီကြီးကို အောက်ထပ် ကျွန်းတိုင် ကြီးမှာ ပြောင်းချိတ်ထားရသည်။ အေးခုတင်နှစ်ချပ် ဆက်ခင်းကာ ကော်ဇောကြီးတွေ ခင်းထားသည်။ ကန်တော့ပွဲ တစ်ပွဲက ခေါင်းရင်းဘက်မှာ။ ဗျပ်တစ်ချပ် ထဲမှာတော့ ထမင်းပွဲ၊ ဟင်းပွဲ၊ မုန့်ဆီကြော် အဖြူအနီ၊ ငါးကြော်၊ ကွမ်း ယာ၊ လက်ဖက် စုံလှပါ၏။

မအိမ်ကံWhere stories live. Discover now