22

25 1 0
                                    

မအိမ်ကံ (အခန်း ၂၂) // ခင်ခင်ထူး

---

မအိမ်ကံကတော့ ဘာကိုမျှ ဂရုမစိုက်တော့ပြီ။ တဒင်္ဂအတွင်း မြင်လိုက်ရသော မြင်ကွင်းက ချောက်ချား စက်ဆုတ်ဖွယ် ကောင်းလှပေရာ ဖြစ်ချင်ရာ ဖြစ်တော့ သဘောဖြင့် ကြွက်လျှောက်တန်းပေါ်က နှစ်လုံးပြူးကို ကောက်ယူလိုက်ပြီး ပဲမှော်တိုက်ပေါ်က ခုန်ချခဲ့ခြင်း ဖြစ်သည်။ ကျေးဥက လှမ်းတား လိုက်သေးသော်လည်း မရတော့ပါ။ ဆူပွက်နေသော သွေးတွေက မအိမ်ကံ တစ်ကိုယ်လုံး ဒရောသောပါး ပြေးလွှားနေပါ၏။ မအိမ်ကံ မျက်စိထဲမှာ ဘာကိုမှလည်း မမြင်တော့။ ဖအေကို သေနတ်ဖြင့် ချိန်ထားသော ဂျပန် စစ်ဗိုလ်ထက် အမျိုးသစ္စာဖောက် အမှုပွဲစား ကျော်ဒင်ကို မုန်းတီးလှစွာ နှစ်လုံးပြူးပြောင်းဝဖြင့် လည်မျိုကို ထောက်ထားလိုက်ခြင်း ဖြစ်သည်။ ပစ်လိုက်ချင်လှသော်လည်း မိဘ နှစ်ပါးနှင့် အသက်ချင်း လဲလိုက်ရာမှာကိုတော့ မဖြစ်ချင်။ သည်တော့ သေနတ်ဖြင့် ထောက်ထားရင်းက ခပ်မာမာ အော်လိုက်သည်။

“ကျော်ဒင် အမျိုး သစ္စာဖောက်။ ဒါ နင့်အကြံတွေ မဟုတ်လား။ သည်လောက် လိုချင်တဲ့ သေနတ် ယူသွားစမ်း။ ငါ့အဖေ အသက်နဲ့ လဲရလောက်အောင် တန်ဖိုး မရှိသဲ့ သေနတ်။ ခု ယူသွားစမ်း။ နင်တို့လည်း ခု ထွက်သွားစမ်း။ တစ်သက် တစ်သက်ချင်း နင်နဲ့ငါ တစ်ကွေ့ တွေ့ကြသေးသာပေါ့ဟယ်”

အမှုပွဲစား ကျော်ဒင်က မအိမ်ကံထက် အသက်အရွယ် ကြီးပါ၏။ မအိမ်ကံက နာကြည်းစိတ်ဖြင့် တမင် မလေးမစား ခေါ်ဝေါ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ကျော်ဒင်က နှစ်လုံးပြူး သေနတ်ကို လှမ်းမြင်လိုက်ရသည့် အခါမှတော့ ဂျပန် စစ်ဗိုလ်ကို ကမန်းကတန်း လှမ်းအော်လိုက်သည်။ ဂျပန် စစ်ဗိုလ်က မအိမ်ကံကို တစ်ချက် ပြူးကြည့်လိုက်ရင်း ချိန်ထားသည့် ခြောက်လုံးပြူးကို ချလိုက်သည့်အခါ ဂျပန် စစ်သား နှစ်ယောက်၏ သေနတ်တွေပါ ပုံမှန် ဖြစ်သွားကြလေသည်။ ဂျပန်စစ်ဗိုလ်က မေးခွန်း တွေမေးနေတာကို ကျော်ဒင်က ထစ်ထစ်ငေါ့ငေါ့ စကားလုံးရှာကာ ပြန်ပြောနေသည်။ ဂျပန်စစ်ဗိုလ်က ဘာတွေ အော်လိုက်သည် မသိ။ ဂျပန်စစ်သား တစ်ယောက်က မအိမ်ကံ လက်ထဲက နှစ်လုံးပြူး သေနတ်ကို ဆွဲယူလိုက်သည်။ ဂျပန်စစ်ဗိုလ်က ခြောက်လုံးပြူး သေနတ်ကို ခါးကြားထိုးပြီး ချာခနဲ လှည့်ထွက်သွားတော့ ဂျပန်စစ်သား နှစ်ယောက်ကလည်း တန်းခနဲ ထက်ကြပ်မကွာ လိုက်သွားကြသည်။ ကျော်ဒင်က မအိမ်ကံကို တစ်ချက် လှမ်းကြည့်ရင်း လက်နှစ်ဖက်ကို ခါးမှာ စုံထောက်လိုက်၏။ မအိမ်ကံမှာ တစ်ကိုယ်လုံး ပေပွနေသည်။ ရက်ကန်းရုံ ရှင်းလင်း လက်စဆိုတော့ မျက်နှာပေါ်မှာ ပိုးမျှင်မည်းမည်းတွေ ခဲခဲလှုပ်ကာ မည်းသည်းနေပြီး ခေါင်းပေါင်းကြီး ဖြုတ်လာသဖြင့် ဆံပင်တွေက ဖရိုဖရဲနိုင်လှသည်။ ပဲမှော်တွေကလည်း တစ်ကိုယ်လုံး ဆံပင်တွေပါ မကျန် စူးဝင်နေသည်။ ဒေါသကြောင့် မျက်နှာကလည်း ခက်ထန် မာကြောလွန်းလှပါ၏။

မအိမ်ကံWhere stories live. Discover now