7

48 2 0
                                    

မအိမ်ကံ (အခန်း ၇) // ခင်ခင်ထူး

မအိမ်ကံ မြင်းခြံက ပြန်လာပြီးကတည်းက အိမ်ကြီးမှာလည်း တလှုပ်လှုပ်ရှိနေခဲ့ပါသည်။ သူကြီး ဦးသာထန် မြင်းခြံက သေနတ်ဆုရလာသည် ဆိုသည့်သတင်းက အတော်မွှေး နေလေပြီ။ ဇောင်ချမ်းကုန်းမှာ အငြိမ့်ပွဲ ပါမတဲ့ဆိုသည့်သတင်းကလည်း ဟိုးဟိုးကျော်လှပါ၏။ ရွာတွေဆိုတော့ တစ်နှစ်တစ်ခါ ရွာဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲဖြစ်ဦးတော့ အငြိမ့်တို့.. ဇာတ်တို့ ဆိုတာ ပါဖို့ မသေချာ။ ဘုန်းကြီးပျံပွဲတွေမှာတော့ မထည့်မဖြစ် ထည့်လေ့ရှိကြသည်ဆိုသော်လည်း မျှော်ကောင်းသောအရာမဟုတ်။ တစ်ရွာမှာ ပွဲရှိသတဲ့ဇာတ်ရှိသတဲ့ဆိုလျှင် ရွာပေါင်းစုံက လှည်းတပ်ကြီးတွေ ဖုန်တထောင်းထောင်းရောက်လာတတ်ကြသည်။ တချို့များ ပွဲရက်မတိုင်ခင် လေးငါးရက်ကတည်းက စားအိုးစားခွက်၊ နွားစာ ပြောင်းရိုးပါမကျန်အောင် သယ်ယူလာကြကာ ပွဲခင်းစပ်မှာ မီးခိုးတလူလူရှိတတ်ကြသည်။ ဘုန်းကြီးပျံပွဲ မရှိလို့ ကတော့ ရွာမှာ ပွဲကြည့်ရဖို့ မသေချာပါ။

အခုလည်း သူကြီး ဦးသာထန် သေနတ်ဆုရတာကို ဝမ်းသာရကောင်းမှန်းလည်းမသိ ဂုဏ်ယူရမှန်းလည်း နားမလည်။ ပွဲကြည့်ဖို့သာ အားခဲကြသူတွေဖြစ်သည်။ ဇောင်ချမ်းကုန်း ရွာတင်မက နရန်းရွာတွေကပါ လာကြမှာဆိုတော့ တစ်နယ်လုံး တလှုပ်လှုပ် တရွရွဖြစ်နေကြပြီ။

“ဇောင်ချမ်းကုန်းသူကြီး သေနတ်ဆုရသာ ဘယ်လိုကြောင့်တုံး ဆရာကြည်ရဲ့ ကျုပ်တို့ ရွာတစ်ကြောမယ် သူကြီးတွေ မှိုကျင်းပွင့်သလို များသယ့်ဟာ...သူ့ကျမှ ဘယ့်နှာရသာသဲ့တုံး”

ရွာသားတချို့က အရိုးခံမေးကြခြင်းဖြစ်သည်။ ဆေးဆရာ ဆရာကြည်က အကျိုးနှင့် အကြောင်းနှင့် ရှင်းပြတတ်သူဆိုတော့ ရင်ထဲ မရှင်းတာရှိလျှင် သည်လိုပဲ မေးနေကျဖြစ်သည်။ ဆရာကြည်က ဆေးဆရာဆိုတော့ အနယ်နယ်ကို အပင့်အကြွသွားရတာ များသည်။ ကြားလာ သမျှ သတင်းတွေ ရွာမှာ တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်မျိုး ဖြန့် တတ်သည်။ အင်္ဂလိပ်မုန်းတီးရေး တရားတွေဆိုတော့ လူတိုင်းတော့ ပြောလို့ မဖြစ်ပါ။

မအိမ်ကံWhere stories live. Discover now