26

23 0 0
                                    

မအိမ်ကံ (အခန်း ၂၆ အဆက်) // ခင်ခင်ထူး

---

၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း နေ့ပူညချမ်း ကာလထဲမှာ ကိုပြေသိမ်း တစ်ယောက် ကောက်ကာငင်ကာ ပျောက်သွားခြင်း ဖြစ်သည်။ မအိမ်မြိုင် အခါလည် ပြည့်ခါနီး ရက်ပိုင်း အလိုတွင် ဖြစ်၏။ ထိုနေ့က မအိမ်ကံ သမီးကလေး မအိမ်မြိုင်ကို ထမင်းခွံ့ နေခဲ့သည်။ အမေပန်းရုံက အရီးကြာညွန့်နှင့် စကားပြော နေကြသည်။ ဘိုးသာထန် ဆုံးသည်ပင် တစ်လ တင်းတင်း ပြည့်ခဲ့ပြီ။ ညနေပိုင်း မြူတွေဆိုင်းလာသည့် အတွက် ကလေးအတွက် အနွေးထည် ကလေးတစ်ထည် ယူရန် မအိမ်ကံ ဧခုတင်ကြီးဘက်ကို လျှောက်လာခဲ့သည်။

ထိုစဉ်မှာပဲ ဖိုးကူး မောင်းလာသည့် လှည်းက ဝိုင်းဝကို ရောက်လာခဲ့ပါ၏။ အရီး ကြာညွန့်က ဝိုင်းအတွင်း လှည်းဝင် နိုင်ရန် တံခါးကြီး တစ်ချပ် ပြေးလှပ်သည်။ ဖိုးကူးက လှည်းမချွတ်သေးဘဲ အမေပန်းရုံ ထိုင်နေသည့်ဘက် တန်းသွားပြီး စာတစ်စောင် ပေးသည်။ မအိမ်ကံက ကိုပြေသိမ်း ပြန်ပါမလာလို့ မေးတော့မည့် ဆဲဆဲ အမေပန်းရုံက စာတဲ့ဟဲ့ ဆိုသဖြင့် သွားယူလိုက် ရသည်။ ဖိုးကူး ကတော့ လှည်းချွတ်ရန် ပြန်ထွက်သွားလေသည်။ မအိမ်ကံက ထူးဆန်းစွာ ရောက်လာသော စာကို ချက်ချင်း ဖွင့်ဖတ်လိုက်သည်။

“အိမ်ကလေး အစ်ကို စာရေး အကြောင်းကြား ပါသည်။ အစ်ကို့ကို ခွင့်လွှတ်စေချင်ကြောင်း ဦးစွာ ပြောလိုပါသည်။ မြန်မာများ အနေဖြင့် ဂျပန်တို့၏ ဘုရား တန်ဆောင်း၊ ကျောင်းကန်များကို ဖျက်ဆီးရုံမက မီးနှင့် ရှို့ကြ၊ ရဟန်းသံဃာ တို့ကိုပါ စော်ကား ကြတာကို သည်းမခံ နိုင်ကြတော့ပြီ။ ဗမာမှန်သမျှ အနှိပ်စက်ခံ ကြရတာလည်း များလှပြီ။ အပြစ်မရှိဘဲ သေခဲ့ကြသူတွေ များလွန်းမက များနေပါပြီ။ စစ်ဘေးကြီး ကြုံရသည်နှင့်အမျှ စစ်ကြေးပါ ဆောင်နေကြ ရသော်လည်း ဂျပန်နောက်လိုက် ခွေးများကိုပင် ကြောက်နေရသည့် ဘဝက လွတ်ကင်းအောင် အစ်ကိုတို့လို မျိုးချစ်များက မကြာခင် ပြန်လည်ချေမှုန်း ကြတော့မည် ဖြစ်ပါ၏။ ဗိုလ်မြတ်သာတို့လည်း ပါဝင်ကြပါလိမ့်မည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် အတုဖြစ်၍ လွတ်လပ်ရေး အစစ်ကို အစ်ကိုတို့ ရယူရန် ဖြစ်ပါတော့သည်။

မအိမ်ကံWhere stories live. Discover now