29

18 0 0
                                    

မအိမ်ကံ (အခန်း ၂၉) // ခင်ခင်ထူး

--

လရောင်က သာလွန်းလှသည်။ ဇော်ချမ်းကုန်း ရွာကလေးသည် လရောင်အောက်တွင် အေးမြငြိမ်သက် လျက်ရှိ၏။ တစ်နေ့ခင်းလုံး ပူပြင်းထားခဲ့သည့် အပူက ဟပ်ဟပ်ပြေးအောင် မပူတော့သော်လည်း ညဦးတုန်းက အရှိန်တွေ ကျန်နေသေးသည်။ ညဉ့်နက်လာတော့မှ တဖြည်းဖြည်း ပြန်အေးလာခဲ့သည်။ သမီးကြီးက ပိတ်ခြင်ထောင်ထဲမှာ အိပ်ပျော်နေပြီ။ အရွယ်နှင့် မလိုက်အောင် ခံစားနေရသော ဝေဒနာကို ကြည့်ရင်း မအိမ်ကံ ရင်ထုမနာ ရှိခဲ့ရသည်။ ပိတ်ခြင်ထောင်ကြီးက လှောင်များနေရော့လား ဆိုသည့် စိတ်ကြောင့် မကြာခဏ လှပ်ကြည့်မိတာလည်း အကြိမ်ကြိမ် ရှိလေပြီ။ မအိပ်ခင်က အထိ သမီးနဖူးကို စမ်းကြည့်လိုက်တိုင်း လှည်းမီးချ ဒေါက်ဖိုက မီးတွေလို တရှိန်ရှိန် တောက်လောင်လျက်ရှိ၏။

ဇောင်ချမ်းကုန်း ဘုန်းကြီးကျောင်းကို သွားလျှင် ဘယ်ဘက်ချောင်မှာ လှည်းမီးဒေါက်ဖို ရှိသည်။ လှည်းဘီးတွေ သံခွေ စွပ်ပေးသည့် ဒေါက်ဖိုဖြစ်၍ ဒေါက်ဆရာ ဦးသာပိုဆိုလျှင် ဘယ်တုန်းကမှ အင်္ကျီ ကပ်ရသည် မရှိ။ ဖားဖိုထဲက ထုတ်ယူလာသော သံကွေးရဲရဲကို တပည့် နှစ်ယောက်က ညှပ်ဖြင့် ညှပ်ပေးထားရသည်။ ဘကြီးသာပိုက မီးမလျော့ခင်
တူကြီးနှင့် တထန်းထန်း ထုသည်။ မီးပွင့် မီးစာတွေ တဖွားဖွား။ မအိမ်ကံတို့ အိမ်က လှည်းကိုလည်း ဘကြီးသာပိုပဲ ဘီးခွေစွပ်ပေးခဲ့ခြင်း ဖြစ်သည်။ လှည်းက အရေးကြီးလို့ ဘကြီးသာပိုက မပြီးနိုင်လျှင် မအိမ်ကံ လိုက်သွားရတာ ရှိဖူးသည်။

“ဘကြီး တစ်နယ်လုံးက လှည်းတွေနဲ့ အပ်ထည်များလို့ပါအေ။ နက်ဖြန်ကျတော့မှ ယူတော့ ငါ့တူမရယ်။ ဘကြီး မလည်း ဖိုကျင်ထိုးခံရတဲ့ မောင်တင့်တယ်သာ ကြည့်တော့။ မီးနဲ့ နပန်းလုံးနေရသာနဲ့ ဘဝပြီးရတော့မယ်နဲ့ တူပါရဲ့။ ထမင်း တစ်လုတ် အပူခံစားရသာပါအေ။ ဘကြီးလည်း လုပ်နေသာ ပါပဲနှော ငါ့တူမ”

သည်တုန်းက ဘကြီးသာပိုကို မအိမ်ကံ သနားခဲ့ရသည်။ ကိုယ့်အိမ်က လှည်းကျမှ ကြာသကောရယ်လို့ လိုက်သွားတော့မှ ဘကြီး သာပို၏ အပူကို မအိမ်ကံ ကိုယ်တွေ့မြင်ခဲ့ရသည်။ သမီးကြီး မအိမ်မြိုင် ခမျာလည်း သည့်ထက် မလျော့သော အပူဖြင့် ဝေဒနာကို ပြင်းစွာ ခံစားနေရတာကို နှိုင်းယှဉ် ကြည့်မိခြင်းဖြစ်သည်။ သမီးခမျာ အပူတရှိန်ရှိန်၊ အငွေ့တချောင်းချောင်း။ မအိမ်ကံမှာလည်း မထူးပါ။ သမီးအတွက် ရတက် မအေးရပြီ။ မီးလှည့်ခံရသော လှည်းဘီးသံခွေနှင့် မခြား အပူကြီးရလေပြီ။

မအိမ်ကံWhere stories live. Discover now