36(ဇာတ်သိမ်းပိုင်း)

72 3 0
                                    

မအိမ်ကံ (အခန်း ၃၆ အဆက် ဇာတ်သိမ်းပိုင်း) // ခင်ခင်ထူး

---

မအိမ်မြိုင် ရွာခြေ ပြန်ကပ်ပြီ ဆိုသည့် သတင်းက နောက်တစ်ရက်မှာပင် ရွာလုံးကြားခဲ့ကြလေပြီ။ တချို့က ကရုဏာဖြင့် လာရောက် ကြည့်ခဲ့ကြသည်။ မအိမ်မြိုင် သမီး မအိမ်စိုကို ကြည့်ကြသည်။ မအိမ်မြိုင်တောင် သားသည် အမေ ဖြစ်ခဲ့ပြီတဲ့လား။ မအိမ်မြိုင် အိမ်ထောင်ကျပြီ ဆိုတာ ရွာက သိနှင့်ကြရိုး မှန်သော်လည်း ရွာကို ရောက်လာတော့ လင်သား မပါတာကို ထူးဆန်းနေကြသည်။ ဘယ်သူကမှတော့ ဖွင့်ဟ မမေးကြပါ။ တချို့က ရွာထဲ အလည်ခေါ်ကာ ကျွေးမွေးကြသည်။

“ငါ့မြေး နာမည် ဘယ်သူသဲ့တုံး”

“မအိမ်စို”

“အဖေကကော”

“သေပြီ”

ကွယ်ရာမှာ မေးကြသော်လည်း မအိမ်စိုက သည့်ထက် မပြောတော့ ခက်သားပင်။ မိဘက သင်ထားတာ မဟုတ်။ မအိမ်စို ကိုယ်တိုင်က ဉာဏ်ရည် မမီသည့် ကလေး တစ်ယောက်လို ဖြစ်နေတာကို သဘောပေါက်ကြသဖြင့်လည်း သည်လောက်ပဲ သိခွင့် ရခဲ့ကြသည်။ မအိမ်စိုက ရုပ်ရည်အားဖြင့် ချစ်စရာ ကောင်းသူကလေးပင်။ မအိမ်ကံတို့ ဘက်ကို တူသဖြင့် ကြည်ကြည်စင်စင် ရှိရှာပါ၏။ သို့ပေသိ မျက်လုံးတွေက ဂနာမငြိမ်ဘဲ ရှိသည်။ မျက်နှာကလေးက နုနုနယ်နယ် ဆိုသော်လည်း စိတ်ကြီးချင်သည့်အခါ ကြီးတတ်သည်။ စကားကောင်း ပြောနေရာက ဒေါသတကြီး ရှိချင်ရှိသည်။ တစ်ခါတစ်ရံ အိမ်ဝိုင်းကျယ်ကြီးထဲမှာ ကလေး တစ်ယောက်လို ကစားချင် ကစားနေတတ် ပါ၏။ ပြိုလဲလုလု ပဲမှော်စင်ကို ပတ်ပြေးချင် ပြေးနေတတ်သည်။ ပဲမှော်စင်အောက် ဝင်နေတတ်သဖြင့် ရီးကျေးဥက ဆွဲထုတ်ရသည်ပင် အခါခါ။

“သည်အောက်ကို မဝင်ရဘူး ငါ့မြေးရဲ့။ မြွေပါး ကင်းပါးနဲ့။ အမေကြီး ကျေးတောင် မဝင်ဘူး။ နောက်မဝင်နဲ့နော် ကြားလား”

“မြွေပါးကင်းပါးဆိုတာ ဘာလဲ ကျေးဥ”

“မြွေလေ၊ မြွေကိုပြောသာ”

“မကြောက်ဘူး”

မအေက ကျေးကျေး ခေါ်သော်လည်း မအိမ်စိုက ကျေးဥ လို့ခေါ်လေသည်။ အမေကြီးကျေးလို့ ခါ်ဖို့ သင်သော်လည်း မရ။ တစ်ခါတစ်ခါ မအိမ်ကံများ ဝင်စားလေသလား ထင်မိသည်။ မအိမ်ကံ ဆုံးသည့်အချိန်နှင့် မအိမ်စို မွေးသည့်ရက် တွက်ကြည့်တော့လည်း မအိမ်စိုမွေးသည့် ရက်က နောက်ကျသည် ဆိုတော့ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ ကျေးဥလို့ ခေါ်တာ တင်မကပါ။ စိတ်ကူးရလျှင် ရီးကျေးဥကို ငေးနေတတ်သည်။ ပြုံးပြတတ်သည်။ ထိုအခါမျိုးတွင် မအိမ်ကံ၏ စိုရွှန်းရွှန်း မျက်ဝန်းများကိုပင် သတိရမိ တတ်သည်။ မအိမ်မြိုင်ကို သည်သဘောထား ပြောပြတော့ ဖြစ်နိုင်သည် ဆိုပါ၏။ မအိမ်မြိုင် ပြောပြသလောက် မအိမ်စို ကိုယ်ဝန် လွယ်ထားစဉ် မိခင် မအိမ်ကံကို အိပ်မက် မကြာခဏ မက်သည် ဆိုပြန်ရာ ထင်မည်ဆို ထင်လောက်သည်။ မအိမ်စိုကလေးက တောတွင်း တစ်နေရာမှာ ကြီးပြင်းရသည့် အပြင် ပတ်ဝန်းကျင် ခန်းခြောက်ရာမှာ နေထိုင်ခဲ့ရသည့် အတွက်ပေလားတော့ မသိ။ မအိမ်စို၏ စရိုက်က ကြမ်းချင်သည်။ တဇွတ်ထိုးနိုင်သည်။ ပြောမနိုင် ဆိုမကောင်း ကလေးဖြစ်သည်။

မအိမ်ကံWhere stories live. Discover now