20

23 1 0
                                    

မအိမ်ကံ (အခန်း ၂၀) // ခင်ခင်ထူး

---

ကမ္ဘာစစ်ကြီး၏ စစ်ရိပ် စစ်ငွေ့များက ဇောင်ချမ်းကုန်း ရွာကလေးကိုပင် အရိပ်မည်းကြီး သဏ္ဍာန်ဖြင့် ထင်ဟပ်လျက် ရှိလေပြီ။ ရွာက အမှုပွဲစား ကျော်ဒင်က မြို့နှင့် အကူးအကန်း ရှိသဖြင့် သတင်းစာဟောင်း တကိုင်ကိုင် အာပေါင်အာရင်း သန်သန် ပြောပြချက်တွေကို အများက စိတ်ဝင်စား နေကြပြီ။

ဥရောပဘက်တွင် စစ်ကြီး စလောင်မြိုက် နေပြီတဲ့။ ကောင်းကင်မှာ ငှက်တွေလို ပျံသန်းနိုင်သော လေယာဉ်ပျံ ဆိုတာတွေနှင့် ဗုံးတွေကြဲချနေတာ လူတွေ သေလိုက်ကြတာများ အတုံးအရုံးတဲ့။ ဥရောပ ဆိုတာ ဘယ်မှာလဲ မအိမ်ကံ မသိ။ အစ်ကို့ အတွက်သာ စိုးရိမ်မိခဲ့သည်။ အစ်ကို့မှာ မိရိပ် ဖရိပ် လာလို့မှ အေးအေး သက်သာ မရှိခဲ့ရ။ ကြည်တော်ကုန်းက အပြန် ခဏနားရုံရှိသေး။ စစ်ပုလိပ်တွေ ရောက်လာသဖြင့် နောက်ဖေးက ထွက်ပြေး ခဲ့ရရှာသည်။ အစ်ကိုက ပါးနပ်ပါ၏။ သူရောက်ကတည်းက ဖိုးကူးကို တခြားအလုပ် မခိုင်းတော့ဘဲ အိမ်ရှေ့ တာလမ်း တစ်လျှောက် အရှေ့အနောက် ကူးစေပြီး လူရိပ်လူခြေ ထူးခြားမှု ရှိမရှိ လူစောင့် ချထားခဲ့သည်။ လူစိမ်း သို့မဟုတ် မသင်္ကာဖွယ် တွေ့လျှင် အိမ်ခေါင်ပေါ် ခဲပစ်လိုက်ဖို့ မှာထားခဲ့သည်။ ရွာတွေ ဆိုတော့ စာပစ်၊ ငှက်ပစ် လောက်စာလုံးတွေက အခန့်မသင့်လျှင် အိမ်ခေါင်မိုးပေါ် ကျတတ်သဖြင့် ပထမတော့ ငှက်စာ ခဲကျတာ ထင်ပါရဲ့လို့မအိမ်ကံတွေးလိုက်မိသေးသည်။ သို့သော် အသံက လောက်စာလုံး ကျသံမဟုတ်။ ကျယ်လောင် နေသည်။ အစ်ကို မောင်မြတ်သာက ကံကလေး လမ်းဘက် ကြည့်စမ်းဆိုရာက ကြည့်လိုက်တော့ စစ်ပုလိပ် သုံးယောက်။

တစ်ယောက်က သေနတ်ကို ထောင်ကိုင်လျက် နှစ်ယောက်က နောက်က သုတ်သုတ်ပါအောင် လိုက်လာကြခြင်းဖြစ်၏။ မအိမ်ကံ အစ်ကို့ကို မြင်ရသမျှ လှမ်းအော်လိုက်သည်။ အစ်ကိုက သူ့လွယ်အိတ် အဟောင်းကို ကောက်ယူကာ နောက်ဖေး ပြတင်းပေါက်က ခုန်ချကာ အိမ့်အနောက် ခြံစည်းရိုးကို ပြေးသည်။ “မမစိမ်းမြတို့ အိမ်ဘက်ကိုပြေး”လို့ မအိမ်ကံ လှမ်းအော် လိုက်ရင်းက စားပွဲပေါ် တင်ထားသော အစ်ကို့ အသုံးအဆောင် ကလေးတွေကို သိမ်းကျုံးပြီး ဆေးတောင်းထဲ ထိုးသိပ်ထည့်လိုက်ရပါ၏။ အစ်ကိုက သူ့ပစ္စည်း ပစ္စယ စာရွက် စာတမ်းတွေကို လွယ်အိတ်ကြီးထဲ ထည့်ကာ ကိုယ်နှင့် မကွာ ထားသူဖြစ်သည်။ ဗြုန်းခနဲဆိုတော့ စားပွဲပေါ်မှာ အစ်ကို ဖတ်လက်စ စာအုပ်ထူကြီးနှင့် ဖောင်တိန် ကျန်ခဲ့သဖြင့် မအိမ်ကံ ဖျတ်ခနဲ သိမ်းဆည်း လိုက်ရခြင်းပင်။

မအိမ်ကံWhere stories live. Discover now