32

20 1 0
                                    

မအိမ်ကံ (အခန်း ၃၂ အဆက်) // ခင်ခင်ထူး

---

ထိုညက လကလေးပြက်ပြက်သာ နေခဲ့၏။ မလင်းမှုန်မှုန် လင်းမှုန်မှုန်။ ထိုညကအဖြစ်ကို မအိမ်ကံ ထင်းထင်းကြီး မြင်ယောင်နေဆဲဖြစ်သည်။ တွေးမိတိုင်းလည်း ကြောစိမ့် နေမိရဆဲ။ အဲသည်ညက မအိမ်ကံ အိပ်မပျော်ဘဲ နိုးနေခဲ့လေသည်။ မအိမ်ကံတို့ ဝိုင်းကြီး ကျယ်ကျယ်ထဲမှာ အနောက် တောင်ထောင့်ကို အိမ်သားတွေ ရောက်ခဲကြသည်။ မြေလပ် မထားချင်သဖြင့် ဖိုးတုတ်က ပဲစင်းငုံကြဲ ထားခဲ့ရာ ရိတ်ဖြတ် ထားသော ပဲစင်းငုံ ငုတ်တွေက ထိုးထိုးထောင်ထောင် ရှိနေကြသည်က တစ်ကြောင်း၊ ထိုနေရာ အထိ ရောက်ရန် အခြား အကြောင်း မရှိသည်က တစ်ကြောင်းတို့ကြောင့် တစ်နှစ်နေလို့ တစ်ခေါက် မရောက်ကြသည့် နေရာ ဖြစ်သည်။ တစ်ဖက်ဝိုင်း တိုက်တွေကလည်း တောပင်၊ တောထင်းတွေ ပုံကြတာမျိုး၊ အိမ့်အတိုအစ ဗြုတ်စဗျင်းတောင်းတွေ ထားကြတာမျိုးဖြင့် ထိုနေရာ ထိုထောင့်မှာ လူသူ အရောက်အပေါက် နည်းသလို ဖြစ်နေသည်။

သည်ကြားထဲက တစ်ဖက်နှစ်ဝိုင်း စပ်ရာထောင့်မှာ ရေမရှိသည့် တွင်းခြောက်ကြီး ရှိသဖြင့် အမှိုက်သရိုက်များ ပစ်ကြရာက မြွေပါး ကင်းပါး ခိုနိုင်သလိုဖြစ်နေတာလည်း ပါပါ၏။ မည်သူမဆို လာရောက် ခိုနေနိုင်လောက်အောင် အဆက် ဝေးသဖြင့်လည်း ဝိုင်းရှင်တွေ မသိဘဲ ဝင်ရောက်လာခဲ့သူ တစ်ယောက်က မအိမ်ကံတို့ ဝိုင်းတိုက်ထဲကို အချိန်မတော် အညစ်အကြေးတွေ ပစ်သွားခဲ့ခြင်း ဖြစ်၏။ တောင်ဘက်ဝိုင်းနှင့် အနောက်ဘက်ဝိုင်းတွေက သည်လို အလုပ်မျိုး လုပ်မှာ မဟုတ်တာကို မအိမ်ကံ ယုံသည်။ အပြင်သူစိမ်း တစ်ယောက်က သည်နေရာကို အကြောင်းတစ်ခုဖြင့် ခိုကာ ကြံစည်ခဲ့ပုံ ရသည်။ ကိုစံကောင်းနှင့် မအိမ်ကံတို့ ဓားတစ်လက်စီဖြင့် ရောက်သွား ကြသည့်အခါ နှစ်ယောက်စလုံး တောင့်သွားခဲ့ကြသည်။ မအိမ်ကံ ထိုးလိုက်သော ဓာတ်မီးရောင် အောက်တွင် အရာသုံးမျိုး တစ်နေရာစီ ပြန့်ကြဲနေပါ၏။

တစ်ခုက နှီးခေါပတောင်း တစ်လုံးဖြစ်၍ အခြားတစ်ခု ကတော့ သွေးတွေ တပွက်ပွက် ပေပွနေသော ပိတ်အနှီးစ တစ်စ ဖြစ်သည်။ အထဲမှာ တစ်စုံတစ်ရာ ပါသလို ရှိသဖြင့် ကိုစံကောင်းက ဓားဦးဖြင့် ထိုးခွဲကြည့်သည်။ အမဲသားတွေ၊ လတ်လတ် ဆတ်ဆတ် ရှိသေးရုံမက အနည်းဆုံး ငါးဆယ်သားလောက် ရှိလိမ့်မည်။ ပိတ်အနှီးစ ဟောင်းမှာတော့ ဆေးမည်းဖြင့် အင်းတွေလို အကွက်တွေ ရေးထားသည်။ ကိုစံကောင်းက မအိမ်ကံ ကို တစ်ချက် အကဲခတ်လိုက်သည်။ မအိမ်ကံကတော့ ဓာတ်မီး တစ်ဖက် ထိုးထားရင်း ဓားရှည်ကိုပင် မ မနိုင်လောက်အောင် ငိုင်ငိုင်ကြီး ရပ်နေလေသည်။

မအိမ်ကံWhere stories live. Discover now