18

31 1 0
                                    

မအိမ်ကံ (အခန်း ၁၈ အဆက်) // ခင်ခင်ထူး

---

“ ငါ့တို့မိဘများ မတိုင်ခင်ဘိုးကြီးဘွားကြီးများ၊ ဘေးကြီး ဘေးမကြီးများ မတိုင်ခင်ကတည်းကရှိခဲ့သယ့် စည်းကမ်း ပြောပါတော့ မအိမ်ကံရယ်။ တစ်နယ်နဲ့ တစ်နယ် တူချင်မှ လည်းတူမယ်။ တူချင်လည်း တူမှာပေါ့။ ဖက်စိမ်းကွမ်းတောင်ဆိုသာက သည်အလှူပွဲကြီးအတွက် မင်္ဂလာယူပြီး ထိုးရ သယ့်ကွမ်းတောင်။ သစ်သားကို ခုတ်ပြီးလုပ်ထားသယ့် ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်များကတော့ အပျိုမှန်ရင် သင့်တင့်သလို ခေါင်းခေါက်ရွေးနိုင်ပေသိ ဖက်စိမ်းကွမ်း တောင်ကတော့ ငါတို့ရွာများမယ် အပျိုဖြစ်ရုံနဲ့ ချောလို့လှလို့ ဆိုသာနဲ့ မဖြစ်ဘူး။ ဒါဖြင့် ဘယ်လိုအပျိုမှ ကိုင်ရမယ်ရယ်လို့ စည်းကမ်းချက် ချထားသာလည်း မရှိဘူး။ သို့ပေသိ အဓိက ကျသဲ့ အချက်ကလေးတွေတော့ ရှိသယ်။ အရေးကြီးသယ်ပေါ့ အေ”

မအိမ်ကံ နေကောင်းလာသည့် မနက်က အိမ်လုပ် ဆန်ပြားသုပ်ကလေး တက်ကျွေးရင်း မလှအုံကပြောပြနေခြင်း ဖြစ်သည်။ မအိမ်ကံက မနက်စောစောကြီး နိုးနေခဲ့သည်။ ကျေးဥကတော့ သူ့ထက်ပင် စေစောနိုးကာ အောက်ထပ်ထမင်း အိုးချောင်၊ ဟင်းအိုးချောင် ဝင်နှင့်ရပြီ။ မအိမ်ကံက အိမ်ပေါ်မှာပဲ ဝရန်တာဘက်ထွက်ပြီး မျက်နှာသစ်သည်။ ဆန်ပြား ကတ်ကြေးကိုက် အငွေ့တစ်ထောင်းထောင်းက မြေပဲမှုန့်၊ ဆီချက်နှင့် ကြက်သားဖတ်ကလေးတွေ ရောနယ်ထားသော မနက်ခင်းစာဖြစ်ပါ၏။ မအိမ်ကံစားနေတာကို ကြည့်ရင်း မအိမ်ကံအမေးကို ဖြေနေရခြင်းဖြစ်ပါ၏။

“သည်လိုအေ သည်အပျိုမှာ မိစုံဖစုံ သက်ရှိထင်ရှားရှိရဲ့ လား။ ရှိရင် ငယ်လင်ငယ်မယား ဟုတ်ရဲ့လားဆိုသာ ကြည့်သယ်။ နောက်တစ်ချက်က ရုပ်ရည်။ သနရုပ္ပရှိရင်ဖြစ်သယ်။ စက်နေအောင်လှမှ ရွာမှာ အချောဆုံး၊ အလှဆုံးဆို ကွမ်းတောင်ကိုင် ဖြစ်သယ်လို့ လူတွေထင်နေကြသာ။ မလိုပါဘူး။ ရုပ်ရည်ပြေပြစ်သယ်၊ ကြည့်ပျော်ရှုပျော်လောက် ချောသယ် ဆိုရင်လည်း ဖြစ်သာပဲ။ နောက် ဖက်စိမ်းကွမ်းတောင် ကိုင်ရမယ့် မိန်းကလေးရဲ့ မိဘများက ရေမျောကမ်းတင်၊ တုံးမှီတိုင်ကပ်ဆိုလည်း မဖြစ်ဘူး။ ဥစ္စာပစ္စည်း အသင့်အတင့် ရှိရသယ်။ စားနိုင်သောက်နိုင် ရှိရသယ်။ ကုန်းကောက်စရာမရှိသဲ့ သူရင်းငှားသမီးက ထမဖြစ်ဘူး။ အချမ်းသာကြီး မဟုတ်သော်မှ ကျီနဲ့ပုတ်နဲ့၊ လှည်းနဲ့နွားနဲ့တော့ ရှိရမှာပေါ့”

မအိမ်ကံWhere stories live. Discover now