34

17 1 0
                                    

မအိမ်ကံ (အခန်း ၃၄) // ခင်ခင်ထူး

---

“ရာသီ ချိန်ခါ ရောက်လို့၊ လဲပေါက်ကယ်တဲ့ ပွင့်ညီ၊ ရွှေဖီနံ့သာနှင့်၊ ခြောက်ရောင်ဝါ စေတီရင်းမှာလ၊ ဆယ်ဖြာငုံ လက်စုံပူး၊ ဦးမြှောက် လို့ချီ”

၁၃၂၃ ခုနှစ် တပို့တွဲ လထဲပင် ရောက်ခဲ့လေပြီ။ လဲနှင့် ပေါက်တို့ ကွင်းခြေမြေ အနှံ့ ရဲမှည့်နေအောင် ပွင့်ကြရုံမက မြေတစ်ပြင်လုံး လဲပွင့်တွေ ကောက်လို့ သိမ်းလို့ပင် မနိုင်နိုင်။ လက်ပံပွင့် ခေါ်ကြသည့် လဲပွင့်တွေက ပင်မြင့် ပင်အိုကြီး တွေပေါ်က ပေါင်းလန်အောင် ချာလည် ချာလည် နှင့် ကျလာကာ မြေခ သက်ဆင်း ကြရသည်။ လဲပွင့် တွေကို သုံးစိတ်ဝင် ထန်းလျှော်တောင်းနှင့် ကောက်ကြသူတွေ ကလည်း များလှ၏။ လက်ပံခေါင်းချဉ်ရည်ချက် ကလည်း ရာသီက ပေးသော တောဟင်း ဖြစ်ရတာ မဟုတ်လား။ ပေါက်ပင်ရဲရဲတွေက ကျီးအာချုံ များ အထွေးလိုက် တက်နေကြသည့် ကြားက ပန်းနီတွေ ရဲနေ အောင် ပန်ကြလေ၏။

ရွာ့ပြင် ထုံးစေတီကလေး တစ်ဆူ ရှိရာကို မအိမ်ကံ တစ်ခါ တစ်ရံ စိတ်ပြေ လက်ပျောက် တစ်ယောက်တည်း လျှောက်လာ တတ်သည်။ ထုံးစေတီ ကလေးသည်ပင် သည်ရာသီ ရောက်ပြီ ဆိုလျှင် နှစ်စဉ် ထုံးသင်္ကန်း တဖွေးဖွေးဖြင့် ရောင်တော် ပွင့်နေလေ့ရှိ၏။ တပို့တွဲ လပြည့် ထမနဲပွဲ နီးလာခဲ့ပြီ မဟုတ်လား။ စေတီ ထုံးသင်္ကန်းကပ် အလှူကို တစ်ဦးမဟုတ် တစ်ဦးက ကုသိုလ်ယူလေ့ရှိကြရာ နှစ်စဉ်ထုံး သင်္ကန်းရောင်ဖြင့် သပ္ပာယ်လှသည်က တစ်ကြောင်း၊ လူခြေတိတ်ဆိတ် ရွာရိပ်နှင့် လှမ်းသည်က တစ်ကြောင်းကြောင့် မအိမ်ကံ သည်နေရာကို မကြာခဏ ရောက်ခြင်း ဖြစ်၏။ အိမ့်ဗာဟီရတွေ၊ အပူတွေ၊ သားရေး သမီးရေးတွေကို မြွေများ အခွံချွတ်သလို ချွတ်ထားခဲ့ကာ ပကတိ အေးချမ်းသော စိတ်ဖြင့် ရောက်ရောက် လာတတ်ခြင်း ဖြစ်သည်။

စေတီနှင့်ဝေးဝေးမှာ လက်ပံပွင့် ကောက်သူတွေကို မြင်နေရသည်။ ရွာထဲက မိန်းမသား အချို့နှင့် ကလေးတွေဖြစ်၏။ ဟေးဟေးဝါးဝါး အော်ကြရင်း အလုအယက် ကောက်နေကြတာ ပျော်စရာ။ မအိမ်ကံ ငယ်ငယ်တုန်းက လက်ပံပွင့် ကောက်ခဲ့တာကို သတိရမိပြန်၏။ ဘာရယ်မဟုတ်။ တောင်းကြီးတောင်းငယ် ပေါင်းလန်အောင် ကောက်နိုင်တာကိုပဲ ဂုဏ်လုပ်ရခြင်းဖြစ်သည်။ မလှအုံက လိုသလောက်သာ ခြွေကာ နှစ်ပေါက်စာ အခြောက်လှန်းသည်။ ဖျာကြမ်း တစ်ချပ်စာလောက် ရပြီဆိုသည်နှင့် ကျန်တာတွေ လက်သင့်ရာ ပေးပစ်တတ်သည်။

မအိမ်ကံWhere stories live. Discover now