28

23 1 0
                                    

မအိမ်ကံ (အခန်း ၂၈ အဆက်) // ခင်ခင်ထူး

---

“ဘယ်နှယ့်တုံး မောင်ကံကြီးမောင်ရဲ့။ တိုင်းပြည်လည်း လွတ်လပ်ရေးရပြီးမှပဲ။ ဒါပေသိလို့ ဗမာပြည်မှာ နာရီတွေကများ ဆိုသာလို အသင်းအပင်းတွေက များလှသကော မောင်ရဲ့။ ငါတို့ဖြင့် ဘယ်လမ်းဘယ်ပန်းနဲ့ ဘယ်ခရီး ဘယ်ထီးနဲ့လို့တောင် မတွေးတတ်နိုင်အောင် ဖြစ်နေပြီ”

ထနောင်းတိုင်မှာ နေခဲ့ရသည့် ရက်များအတွင်း ကိုပြေသိမ်းတို့ အိမ်မှာ လူသူလေးပါး စည်ကားလှပါသည်။ အထူးသဖြင့် ကိုပြေသိမ်း၏ ဖခင်မှာ နိုင်ငံရေးသမားဟောင်းကြီး ဖြစ်သော်လည်း အသက်အရွယ်ရရှာပြီ။ သို့သော် တစ်နေ့တစ်နေ့ ရေနွေးပွဲကြီးခင်းကာ လက်ဖက်ပဲကြော် အစုံအလင်ဖြင့် လာသမျှ လူတွေကို ဧည့်ခံလေ့ရှိသည်။ ထနောင်းတိုင် ရွာကြီးမှာ ပညာတတ်တွေ ထွက်သည့်အပြင် နိုင်ငံရေး စိတ်ဝင်စား သူတွေလည်း များလှပါ၏။ သည်အထဲမှာ ကိုကံကြီးမောင် ဆိုသူနှင့် ကိုပြေသိမ်းက ပုလဲနံပ သင့်လွန်းလှသည်။ ကိုကံကြီးမောင်က မြန်မာ့နိုင်ငံရေးကို ခြေခြေမြစ်မြစ် ပြောနိုင်တာပါ သကဲ့သို့ အပြောအဟောလည်း ကောင်းလှပေရာ နားထောင်ရ သူများအဖို့ တဝါးဝါး ပွဲကျရတာမျိုးရှိသလို “တောက်” ထခေါက်ရလောက်အောင် သွေးထိုးပေးနိုင်စွမ်းလည်း ရှိသူဖြစ်၏။ ခေတ်ပညာတတ်လည်း ဖြစ်ပြန်၊ လူလုံး လူဖန်ကောင်းကောင်း ရုပ်ရည် သန့်သန့်မွန်မွန်လည်း ဖြစ်ပြန်ဆိုတော့ ယုံကြည် ကိုးစားလောက်သည့် လူလည်းဖြစ်ပုံရသည်။ စကားပြောလျှင် မျက်လုံးကြီး ပြူးကာ ပြောတတ်သည်။ ပင်ဝါနုရောင် လည်ခေါင်းတုံး အင်္ကျီကို အမြဲဝတ်သူဖြစ်ပြီး မြင်းခြံချောင်းဒေါင်းထည် ပုဆိုးနီ နက်စင်းကို မချွတ်တမ်း ဝတ်တတ်သည်။ ပိုလိုစီးကရက် တခဲခဲနှင့် အိတ်ကပ်ထဲမှာလည်း စီးကရက်ဘူးက အမြဲပါတတ်ပါ၏။

ကိုပြေသိမ်းတို့ အိမ်ကို မနက်တိုင်း ရောက်လာတတ်သူများမှာ ကျောင်းဆရာ ကိုလှအေး၊ ပန်းထိမ်ဆရာ ကိုဘညို၊ ဝတ်လုံတော်ရ ဦးမူ၊ ကုလားကုန်သည် ဦးအီစမိုင်၊ ဆေးလိပ် ခုံပိုင်ရှင် ကိုသန်းမြ စသူတို့ဖြစ်၏။ အခြားပုဂ္ဂိုလ်များလည်း လာရောက်တတ်ကြပြီး တစ်ခါတစ်ရံ အငြင်းအခုန်များဖြင့် ရန်များထ ဖြစ်ကြတော့မလား မှတ်ရသည်။ မအိမ်ကံကတော့ အိမ်အောက်ထပ်မှာသာ အနေများသည်။ ကြီးတော်ကြီးတွေ၊ ယောင်းမဝမ်းကွဲတွေ၊ ဆွေနီးမျိုးနီးတွေ သာမက ထနောင်းတိုင် ရွာခံတွေကပါ မအိမ်ကံတို့ သားအမိတွေ ရောက်လာကြကတည်းက တရုန်းရုန်း ရှိနေကြပါ၏။ ဖိုးကူးပင် ခင်သီနှင့် ရော၍ ထမင်းချောင် ရောယောင် ဝင်နေရသည်။ မီးဖိုပေါ်မှာ ရေနွေးအိုးကြီး တဗွမ်းဗွမ်း ဆူနေအောင် မီးထိုးရတာကပင် တစ်လုပ်။ ဖိုးကူးကပင် ညည်းယူရတော့သည်။

မအိမ်ကံWhere stories live. Discover now