26

23 0 0
                                    

မအိမ်ကံ (အခန်း ၂၆) // ခင်ခင်ထူး

---

မအိမ်ကံ၏ မီးနေရက် မီးတွင်းရက်များ အတွင်း မီးနေခန်း ထဲမှာပဲ အောင်းနေရတော့သည်။

နနွင်းတွေ တစ်ကိုယ်လုံး ဝါထိန်နေအောင်လူး၊ နနွင်းရည်နှင့် ရင်းပြား သွေးကာ သောက်ရင်း မီးကပ်ကြီးဘေးမှာ ထင်းမပြတ်ထည့်ပြီး မီးကင်နေရသည်။ မီးနှင့် မျက်နှာမြင်ရခြင်း၊ မီးနား အဆက်မပြတ် နေရခြင်းကြောင့် မီးနေသည်လို့ ခေါ်ကြောင်း အမေပန်းရုံက ရှင်းပြပါ၏။ မအိမ်ကံကတော့ မီးတွင်း အောင်းနေရသည့် ခုနစ်ရက် လုံးလုံး ဘယ်ကိုမှ စိတ်မရောက်မိဘဲ ရင်သွေး ကလေးဆီကိုသာ စိတ်တွေ နှစ်ပုံထားလိုက်မိသည်။

သမီးကလေး မအိမ်မြိုင်။ ဆုတောင်းလိုက်ရသာ သမီးရယ်။ အမေဖြင့် တပေါင်းလ ပူပူလောင်လောင်ကြီးထဲ မွေးရပေမယ့် ပူသယ် ထင်မိပေါင်အေ။ ညည်းကလေး လပြည့်ကျော် ဆယ့်လေးရက် မွေးပါမယ့်အကြောင်း အမေဖြင့် ရှင်ကြီးရှင်ကောင်း နတ်ကောင်းနတ်မြတ် ဆုတောင်းလိုက်ရသာ။ ညည်းမွေးမယ့် ရက်က လေနီကြမ်းကြီး ကျသေးသကောအေရဲ့။ မိန်းမကြီး မိန်းမစွာများ ဖြစ်ချင်ရော့လားအေ။ မာန ရှိစမ်းပါ သမီး။ မိန်းမ ဆိုသာ မာန ရှိရသယ်။ သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့် မာနမျိုး မဟုတ်ဘူး သမီးရဲ့။ ဣန္ဒြေနဲ့ သိက္ခာကို ဘဝမှာ တည်တည်ကြည်ကြည် စောင့်ထိန်း လိုက်စမ်းမဟဲ့ ဆိုသဲ့ မာနကို ပြောသာ။ ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ထိန်းမယ် ဆိုသဲ့ မာန ရှိရသယ်။ ရွာ့ကွမ်းတောင်ကိုင် မဖြစ်ခဲ့ဘူး ဆိုပေသိ ညည်း ဖြစ်ရမှာပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းနဲ့ မအိမ်ကံ ဆိုသဲ့ ငယ်လင်ငယ်မယားက မွေးပြီပဲ သမီးရဲ့။ ညည်းက လဆုတ် ဆယ့်လေးရက်ဖွား၊ မိန်းမချောဖြစ်မယ့် မိန်းမ။ လှလိုက်စမ်းပါအေ။ စက်စက်ယိုအောင် လှလိုက်စမ်းပါ။ အဆင်းရော အချင်းပါ လှလိုက်စမ်းပါ။ အမေ လက်ခမောင်း ခတ်လိုက် စမ်းပါရစီ။

ဗန်းထဲမှာ ထွေးထွေးကလေး အိပ်နေသော သမီးကလေးကို စောင်းကြည့်ရင်း မအိမ်ကံ တစ်ယောက်တည်း စိတ်ထဲက ပြောနေမိခြင်း ဖြစ်သည်။ မွေးပါပြီ ဆိုကတည်းက သမီးကလေးကို စိတ်ညွတ်ရင်း စကားတွေ ပြောနေခဲ့သည်။ သမီးကလေးက အငိုအပြု နည်းသည်။ ရဲရဲ မှည့်နေသည့် အသားအရေကို ကြည့်ပြီး မလှအုံက အသားများ ညိုနေဦး မလားအေလို့ ပြောခဲ့သည်။ မလှအုံက ပေါင်းခူးဆုန်မှာ ဖွားမြင်လာ မြောက်မှာ အချင်းမြှုပ်၊ နယုန်၊ ဝါ၊ ဝါ ဖွားမြင်လာ ရှေ့မှာ အချင်းမြှုပ် ဆိုတာတွေလည်း ရသည်။ သမီးကလေးက တပေါင်းမွေးဆိုတော့ မြောက်အရပ်မှာ အချင်း မြှုပ်ရပါ၏။

မအိမ်ကံWhere stories live. Discover now