33

15 1 0
                                    

မအိမ်ကံ (အခန်း ၃၃) // ခင်ခင်ထူး

---

မအိမ်ကံ ဝင်းတံခါးကြီး လှပ်လိုက်သည့် အခါ တောပုန်းရည်သည် ဆိုသူကို ညစ်ထေးထေး ပေစုတ်စုတ် အဝတ်အစားဖြင့် တွေ့လိုက်ရသည်။

သူက မအိမ်ကံကို တစ်ချက် မော့ကြည့်ပြီး လွယ်ထားသော လွယ်အိတ်ကြီးကို ပုတ်ပြသည်။ ရေနှင့် မိုးနှင့် ဘယ်လောက်တောင် ဝေးနေသည် မသိ။ ချဉ်တူးတူး ချွေးနံ့က ထောင်းထောင်းပင် ထနေခဲ့သည်။ မုတ်ဆိတ် ကျင်စွယ်များ ရိတ်မထားတာကလည်း ကြာပြီဆိုတော့ မုတ်ဆိတ်တွေက ရသေ့ မုတ်ဆိတ်လို အမျှင်လိုက် ကျနေကြ၏။ မအိမ်ကံက ခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ ဝင်ခဲ့ပါဟု တစ်ခွန်းပြောရင်း လူတစ်ကိုယ်စာ ငဲ့ပေးလိုက်သည်။ မအိမ်ကံက ဝင်းတံခါးကို ပြန်ပိတ်လိုက်ပြီး တောပုန်းရည်သည် ရှေ့က ကျော်ကာ ပဲမှော်တိုက်ဘက်ဆီ လျှောက်လာခဲ့သည်။ တောပုန်းရည်သည်လည်း လိုက်လာခဲ့သည်။

တောပုန်းရည်...။

သည်စကားလုံးက လျှို့ဝှက်စကားလုံး ဖြစ်သည်။ ကိုပြေသိမ်း တောခိုခဲ့ပြီးဆိုသည့် နောက်ပိုင်း တောပုန်းရည်သည် အဖြစ် ဈေးသည်တစ်ယောက် ရောက်လာသည့် အခါတိုင်း အဆက်အသွယ် လုပ်ရန် ပထမ တစ်ခေါက်ပို့လိုက်သည့်စာမှာ ပါခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုပြေသိမ်း၏ ရက်စက်မှုက မအိမ်ကံ အတွက် သည်းကြီးအူပြတ် ဖြစ်ခဲ့ရသည်။ ဂျပန်ခေတ်တုန်းက မပြောမဆို စစ်ထွက်ခဲ့ဖူးသည်။

အနောက်တန်း ရွာတွေကို သွားရင်းက မြစ်နားတန်းမှ တစ်ဆင့် တော်လှန်ရေးထဲပါသွားခဲ့ခြင်းဖြစ်သည်။ သည်တုန်းကလည်း ဘယ်သူ့ကိုမှ ဘာအသိမှ ပေးခဲ့တာ မရှိ။ မယားရယ်၊ သားရယ်လို့ မှာ ခြွေစကား တစ်လုံး တစ်ပါဒ ဖွင့်ဟခဲ့တာ မရှိ။ တစ်ချိန်လုံး နူးညံ့စွာ နေထိုင်ခဲ့ရာက ကောက်ကာငင်ကာ ပစ်ထားရက် ခဲ့သော ကိုပြေသိမ်း၏ စိတ်ကိုလည်း နားလည်ရ ခက်ခဲ့သည်။ လိုအပ်လာလျှင် သူ့မှာ သံယောဇဉ် မရှိ။ လေးစားမှု မရှိသူပါလားလို့ ထိုစဉ်ကတည်းက မအိမ်ကံ သဘော ပိုက်ခဲ့မိပါ၏။ အမေပန်းရုံတို့၊ မလှအုံတို့ကပင် အံ့သြခဲ့ကြသည်။ မယားတောသူကို ပစ်ရက်ခဲ့တာထား၊ ရင်သွေး ကလေးကိုပင် ပစ်ပယ်ရက်နိုင်သော နှလုံးသားကို အံ့သြကြခြင်း ဖြစ်သည်။ လိုအပ်လျှင် ဒါမျိုး နောက်တစ်ခါလည်း ရှိဦးမှာပဲလို့ မအိမ်ကံ ကြိုတွေးထားခဲ့တာ မမှားပါလား။

မအိမ်ကံWhere stories live. Discover now