19

18 1 0
                                    

မအိမ်ကံ (အခန်း ၁၉ အဆက်) // ခင်ခင်ထူး

---

သည်ကနေ့ မနက်ဝေလီဝေလင်း ကျီးမနိုးခင်ကတည်းက သခင်မြတ်သာ ကြည်တော်ကုန်းရွာက ဆရာကြည်တို့ဆီ ထသွားခဲ့သည်။ ဖိုးကူးက လှည်းနှင့် လိုက်ပို့ခြင်းဖြစ်သည်။ မအိမ်ကံနိုးတော့ မိုးပင် စင်စင်လင်းလေပြီ။ နိုးနိုးချင်း ထမင်းပူ ပဲပြုတ်ဆီဆမ်းနှင့် ငါးပိထောင်းကို ဝမ်းကလေးတောင့် အောင်စားလိုက်သည်။ အစ်ကိုမှ ကြည်တော်ကုန်း သွားဖြစ်ရဲ့ လား သေချာအောင် မေးရသေးသည်။ ကနေ့ ကြီးတော်စံရွှေ လာမည်နေ့ ဖြစ်သည်။ ရွာလူကြီး၊ ရပ်လူကြီးတချို့လည်း ပါလာလိမ့်မည်။ မအိမ်ကံကလည်း မမစိမ်းမြကို ဖိတ်ကြားထားပါ၏။

“ညည်းအစ်ကို မောင်မြတ်သာ ကုလားတက်ခေါက် ကတည်းက ထသွားသာပါအေ။ ဖိုးကူး လိုက်ပို့သယ်။ ညည်း အစ်ကိုတို့ အလုပ်ကလည်း မလွယ်လိုက်သာအေ။ အပျို လူမြင်မခံဝံ့သာကျလို့”

မလှအုံ စကားကြောင့် မအိမ်ကံ ပြုံးရသည်။ ဟုတ်ပါရဲ့။ ပြောလည်းပြောချင်စရာ။ မအိမ်ကံ အရွယ်ရောက်ပါပြီ ဆိုကတည်းက အစ်ကိုနှင့် ပျော်ပျော်ပါးပါးကြီး နေခဲ့ရသည် ရယ်လို့မရှိသလောက်ပင်။ ဘယ်တွေမှာ ဘာတွေလုပ်နေမှန်း လည်းမသိ။ လူကလည်း ကျစ်ခြောက်ခြောက် နိုင်လှပါ၏။ အခုလည်း လူသူလေးပါးမမြင်အောင် ရွာချင်းကူးတာ ဖြစ်နိုင်သည်။ အဖေကတော့ သားမောင်ရောက်လာတာကို ဝမ်းသာ နေရှာပါ၏။ သူကြီးအလုပ်က အနားယူတာလားလည်းမသိ။ အနားမယူသေးတာပဲလားလည်း မသိရ။ တရားဝင် လွှဲပြောင်းတာမျိုးလည်း မရှိ။ ရပ်ရွာ အုပ်ချုပ်ရေးအသင်းတွေ ရှိလာ သော်လည်း ဦးသာထန်ကိုသာ လူကြီး အရာထားကြသည်။ သူကြီးမျိုးရိုးဆင်းဆိုတော့ ရပ်ကိစ္စ၊ ရွာကိစ္စ နားလည်တာလည်း ပါပါလိမ့်မည်။

မအိမ်ကံက ရက်ကန်းရုံဘက် ခဏသွားကြည့်ပြီး အပြန် ရေကို စိမ်ချိုးသည်။ သည်ကနေ့ အလှဆုံးပြင်ရမည်။ ကွမ်းတောင်ကိုင် ဖြစ်ခွင့် မရတော့သော်လည်း ကွမ်းတောင်ကိုင်တစ်ယောက်ထက် လှအောင်ပြင်ရမည်။ ရှင်းရှင်းဆိုရလျှင် သာအောင်နှင့်ညားရန် သေချာ သလောက်ရှိသော လက်ရှိ ရွာ့ကွမ်းတောင်ကိုင် ရွှေမှုံထက်သာအောင် ဝတ်ရစားရမည်။ သည်ကိစ္စက လှည်းစီးရင်း မုန့်စားရသည့် ကိစ္စလို့ မအိမ်ကံ သဘောထားပါ၏။ ခရီးလည်းပေါက် ဝမ်းလည်းဝ။ မအိမ်ကံ ရေမိုးချိုးပြီးတော့ မြင်းခြံဈေးက ဝယ်လာသည့် မျက်နှာချေ အဝါမှုန့်ကလေးကို သနပ်ခါးရည်ကျဲ ညက်ညက်ကလေးပေါ် က ပိန်းပိန်းကလေး ပုတ်သည်။ နှုတ်ခမ်းဆိုးဆေးကို ဖိဖိကလေး ဆိုးသည်။ ဒေါင်းစိမ်းရောင် အင်္ကျီနှင့် ထဘီကို ချပ်ချပ်ရပ်ရပ် ပိနေအောင်ဝတ်သည်။ လည်ပင်းမှာတော့ ငါးကျပ်သားစီး ဒေါင်းဘယက်ကို တစ်ကုံးတည်း ခန့်နေအောင် ဆွဲထားပါ၏။ ဒေါင်းရုပ်က အကြေးခွံကလေးတွေ တလှုပ်လှုပ်။ ကဒေါင်းဆိုတော့ အမြီးဝိုက်ထားတာကလည်း ပြန့်ပြန့်ကြီး လှနေသည်။ ပန်းခက် ပန်းနွယ်တွေက မဟာဆန်လှသည်။ နွယ်ကွေး အလွန့်အလွန့် တွေထဲမှာ ပန်းဖူးတွေ ဖောက်ထားသဖြင့် ပန်းတောထဲမှာ ဒေါင်းကနေသည်နှင့်ပင် တူလေသည်။ လက်ကောက်တွေကတော့ ဘယ်နှကွင်းစွပ်မိ မှန်းပင်မသိ။ လက်စွပ်ကတော့ ဒေါင်းစိမ်းရောင်နှင့် လိုက်ဖက် အောင် တစ်ပွင့်တည်း မြလက်စွပ်ကြီးကို ဖူးနေအောင် စွပ်လိုက်သည်။

မအိမ်ကံWhere stories live. Discover now