35

18 2 0
                                    

မအိမ်ကံ (အခန်း ၃၅) // ခင်ခင်ထူး

---

မြင်ရသည် ကပင် ဆန်းကြယ်လှပါ၏။ တစ်သက်နှင့် တစ်ကိုယ် မကြုံဖူးခဲ့သော အရာတို့သည် မျက်စိ ရှေ့မှောက်တွင် မျက်လှည့် ဆရာ၏ မှော်သေတ္တာ ထဲက အထူးအဆန်းတွေ ထုတ်ပြသလို ကိုယ်ထင်ပြနေကြခြင်းဖြစ်၏။

ညသည် တိတ်ဆိတ် ပူလောင် နေရာက ညဦး အလွန်တွင် စိမ့်စိမ့်ကလေး အေးလာခဲ့သည်။ ညဉ့်နက်လာလေ အေးစက်ခြင်းသည် ပိုမိုသိသာလာခဲ့လေပြီ။ ထိုအေးစက်ခြင်းကပင် ညကို လှုပ်ခါ ပစ်လိုက်သကဲ့သို့ရှိရာက တိတ်ဆိတ်ခြင်းသည်လည်း သုသာန် တစပြင် ကဲ့သို့ရှိလာခဲ့၏။ ရွာတွေမှာ ကြားနေကျ ခွေးဟောင်သံ၊ လူသံ သူသံတွေပင် မရှိကြတော့။

မအိမ်ကံ ဘယ်လောက်ကြာကြာ ထိုင်နေမိခဲ့သလဲ။ မအိမ်ကံ ကိုယ်တိုင်ပင် သတိ မထားမိတော့။ ပဲမှော်တိုက်နှင့် အိမ်မကြီးကြားက ထန်းကုလားထိုင် နှစ်လုံးမှာ စိတ်လိုလက်ရ ထိုင်ခဲ့တာမျိုး အလွန်နည်းခဲ့သည်။ ဖျိုးဖျိုးဖျပ်ဖျပ် ထိုင်မိတာကလွဲလို့ သည်လောက် ကြာကြာ မထိုင်ဖူးခဲ့ပါ။ အခုတော့ သမီး မအိမ်မြိုင် အော်တိုထဲက တွေ့လိုက်ရသော စာတစ်ကြောင်းကြောင့် မအိမ်ကံ မျှော်လင့်ချက်တွေ ပြိုကျသွားသလို ခံစားခဲ့ရသည်။ သမီးကတော့ သူငယ်ချင်းပါ အမေရဲ့ဟု ဆိုပါ၏။ သက်ဦးဝေဆိုတာ ယောကျ်ားကလေး ဖြစ်နေရင်ကော။ ယောကျ်ားကလေး သူငယ်ချင်းက လွမ်းလှပါပြီ ဆိုတာကကော ခေတ်ကာလ အသုံးအနှုန်းများ ပေလား။ လွမ်းတယ် ဆိုမှတော့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် တွယ်ကြလို့ပေါ့။ မအိမ်ကံ ဘဝမှာ ကိုပြေသိမ်းကို လွမ်းခဲ့၊ တမ်းတခဲ့ဖူးသည်။ ချစ်သူဆိုတော့ လွမ်းရတာ အဓိပ္ပာယ်လည်း ရှိသည်။ ချစ်သူ မဟုတ် ဘာမဟုတ် သူငယ်ချင်း ယောကျ်ားကလေးက သူငယ်ချင်း မိန်းကလေးကို လွမ်းတာကတော့ ရေလိုက် လွဲနေသလို ခံစားရပါ၏။ သမီးကလေး တော်လှ၊ တော်လှ ယောက်မ မြင်းစီးလေရော့သလား။

တကယ်တော့ မအိမ်မြိုင် ငယ်ပါသေးသည်။ ရည်းစားသနာ ထားရမည့် အရွယ်မဟုတ်။ အင်းလေ ခေတ်အခါက တို့တုန်းကနဲ့ တူချင်မှ တူမှာကိုးလို့တော့ တွေးမိသား။ သက်ဦးဝေဆိုတာ သမီးရဲ့ရည်းစား ဆိုလျှင်တော့လည်း စိတ်ကစားကြတာ နေမှာပါလေလို့ ဖြေတွေး တွေးကြည့်မိပြန်၏။ သည်အတွေးတွေကပဲ မအိမ်ကံကို ပဲမှော်တိုက်ကြားက ထန်းကုလားထိုင်က မထအောင် တုပ်နှောင်ထားကြသလို ရှိခဲ့သည်။ စောစောပိုင်းက ကျေးဥနှင့် သမီးမြိုင် ရောက်လာကာ မအိမ်ကံကို ရင်မီးငြိမ်း စေခဲ့ကြသည်။ ဘဝလောကဒဏ်ကို အဖုံဖုံ တွေ့ကြုံခံစားခဲ့ရ သူ မအိမ်ကံ အဖို့ရာ သမီးစာအုပ်ထဲက စာတစ်ကြောင်းကျတော့ မှ ဘာကြောင့်များ သည်လောက်တောင် ထိခိုက်ခဲ့ရပါလိမ့်။

မအိမ်ကံWhere stories live. Discover now