27

23 0 0
                                    

မအိမ်ကံ (အခန်း ၂၇ အဆက်) // ခင်ခင်ထူး

---

ထိုနေ့က မအိမ်ကံတို့အိမ်ရှေ့က မနော်နွယ်သရက်ပင်ကြီး ထိပ်ဖျားမှာ ကျီးသာနေခဲ့သည်။ တအာအာသာနေသော ကျီးညိုကိုမော့ကြည့်ရင်း မအိမ်ကံရင်ထဲ လှိုက်ဖိုနေမိပါ၏။ မအိမ်ကံတို့အိမ်မှာ ကျီးသာတာ မဆန်းသလို ဧည့်သည်ကလည်း တစ်ယောက်မဟုတ် တစ်ယောက်လာမြဲပင်။ သို့သော် မအိမ်ကံ မျှော်မောရသူကတော့ ပေါ်မလာခဲ့ပါ။ ကျီးညို ကလေးကိုမော့ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ဝဲလာမိ သည်။ သမီးကလေးက ဆပ်သွားဖူးရုံကြီးနားမှာ ပြေးလွှား ဆော့ကစားနေပါ၏။ ဖိုးကူးက ပြောင်းရိုးတွေစဉ်းရင်း သီချင်း ကလေးတအေးအေးဖြင့်။ ကျေးဥမှာ ကိုယ်ဝန်အရင့်အမာကြီး နှင့်မို့ ရက်ကန်းရုံမဝင်နိုင်တော့ မအိမ်ကံမှာ မနက်စောစော ကတည်းက ရက်ထည်တွေနှင့် အလုပ်များနေခဲ့သည်။

ဖိုးကူးက သီချင်းညည်းရာက ဝင်ပေါက်ဆီလှမ်းကြည့် ရင်း ပဲညှစ်နေသောကျေးဥကို ရှူးခနဲအသံပေးသည်။ မေးထိုး ပြသည်။ ကျေးဥက ဝိုင်းတံခါးဝဆီလှမ်းကြည့်သည်။

လူတစ်ယောက်...။

ပဲဇလုံကိုတွန်းဖယ်လိုက်ပြီး ဝင်းတံခါးဘက် ကျေးဥ တလှုပ်လှုပ် လျှောက်သွားလိုက်သည်။ တံခါးမင်းတုပ်ထဲလျှို ထားသောဝါးလုံးကို လက်တစ်ဖက်ဖြင့်ဆွဲပြီး တစ်ချပ်လှပ် လိုက်သည်။ ကျေးဥမှာ ရင်တွေပန်းတွေပင်တုန်သွားမိရပါ၏။

“အလိုတော် ဆရာလေး၊ ဆရာလေး မသေဘူးပေါ့”

မုတ်ဆိတ်တွေရင့်ထော်နေသည့်ကြားက ကိုပြေသိမ်း၏ အပြုံးက ခါတိုင်းလိုပင်။ အေးမြချိုရှလျက်။ အသားတွေ ကတော့ မည်းညစ်နေလေသည်။ ကုတ်အင်္ကျီကလည်း ဇောင် ချမ်းကုန်းနှင့် ရွာတွေကိုကူးနေတတ်သောအရူးစက်ဖေကြီး၏ အင်္ကျီကမှ ပြောင်ပြောင်စင်စင် ရှိလိမ့်ဦးမည်။ ကျေးဥဆီပြေး လာသော သမီးကလေး မအိမ်မြိုင်ကိုပြူးကြည့်ရင်း အံ့သြနေ လေသည်။ မအိမ်မြိုင်ကို စွေ့ခနဲ ကောက်ချီလိုက်တော့ ကလေးက ကျေးဥကိုလက်လှမ်းရင်း စူးစူးဝါးဝါး ငိုလေတော့ သည်။ ငိုကာမှငိုရော ကိုပြေသိမ်းက သမီးကို နမ်းရင်း အိမ်မ ကြီးဘက် ဆက်လျှောက်လာခဲ့သည်။ ဖိုးကူးက မြက်စဉ်းနေရာက လှမ်းကြည့်ရင်း ဝုန်းခနဲထပြေးလာတော့၏။

မအိမ်ကံWhere stories live. Discover now