13

35 1 0
                                    

မအိမ်ကံ (အခန်း ၁၃) // ခင်ခင်ထူး

တပို့တွဲလဆုတ်ရက်များ၏ ရွာညသည် ပိန်းပိန်းကြီးမှောင်မည်းနေသည်။ မအိမ်ကံက ကောင်းကင်ရောင်မြင့်မြင့်ရသော သစ်ပင်ရိပ်မည်းမည်းကြီးတွေကို ဘာရယ်မဟုတ်ဘဲ ငေးနေမိ၏။ သည်ကနေ့ လပြည့်ကျော် ၁၁ ရက်။ မနက်ဖြန်ဆို ၁၂ ရက်။ အတိအကျပြောရလျှင် မနက်ဖြန် ၁၃၀၀ ပြည့်နှစ် တပို့တွဲလဆုတ် ၁၂ ရက်။ မအိမ်ကံ ၁၈ နှစ်ပြည့် မွေးနေ့။ မအိမ်ကံ ၁၈ နှစ်ပြည့်သွားတာ မြန်လွန်းလှသည်ဟု ထင်နေမိ၏။ လွန်ခဲ့သော ၁၈ နှစ်က သည်လို မှောင်ကြီးမည်းမည်း ညတစ်ညမှာ သူ့ကိုမွေးခဲ့သည်။ တပို့တွဲလဆိုတော့ လက်တွေ၊ ခြေတွေ ထုံခဲအောင် အေးစက်သော သည်လိုညမျိုးပဲ ဖြစ်လိမ့်မည်။

“ မအိမ်ကံ မီးထွန်းလိုက်မယ်လေ။ ပြတင်းပေါက်က လေတွေစွတ်နေသာ မအေးသဲ့အတိုင်းဘဲ။ ဖျားနေပါဦးမယ် မအိမ်ကံရယ်။ မနက်ဖြန်ဆွမ်းကပ်မှာ နှာစေးနေလိမ့်မယ် ”

ကျေးဥဆီက အသံကြားရခြင်းဖြစ်သည်။ ဟုတ်တော့ဟုတ်ပါ၏။ တပို့တွဲလ ဆောင်းလေက အေးစက်လွန်းလှပါသည်။ သည်အအေးဓာတ်လေထဲမှာ ဆပ်သွားဖူးနံ့တွေ သင်းသင်းကလေးပါနေတာကိုပါ ခံစားရသည်။ မအိမ်ကံကို မွေးသည့်ညက နှစ်ပေါင်းများစွာ အပွင့်မပြဘဲ မြုံနေခဲ့သည့် ဆပ်သွားဖူးရုံကြီး အနံ့တသင်းသင်း အပွင့်တွေ ပြလာခဲ့သည်။ တစ်ဆောင်းတွင်းလုံးရေမရှိခဲ့သော ရွာဦးကျောင်းရိပ်က သောက်ရေကန်ကြီးသည်လည်း အခါမဲ့ မိုးရေကြောင့် ပြည့်လျှံသွားခဲ့သည်။ သည်အဖြစ်တွေက မလှအုံပြောသလို အတိတ်နမိတ်တွေများလား။ မလှအုံက မအိမ်ကံ မွေးဖွားသည့်ညက အကြောင်းတွေ ပြန်ပြောပြတိုင်း ရင်ကလေးဖိုခဲ့ရသည်ချည်း ဖြစ်ပါ၏။ အခုလည်း ဆပ်သွားဖူးပန်းနံ့တွေ ညဦးကတည်းက မွှေးနေခဲ့သည်။

“ အတိတ်နမိတ်ဆိုသာ မအိမ်ကံ သိသလိုလိုတော့ ရှိပါရဲ့။ ဘာကိုပြောသာလဲ မလှအုံ ”

တစ်ခါက သည်စကားတွေ ပြောဖြစ်ကြတုန်း မအိမ်ကံက မလှအုံကို မေးခဲ့ခြင်းဖြစ်သည်။ မလှအုံက မအိမ်ကံအမေးကို ခပ်ဝါးဝါးပဲ ဖြေသည်။ လွန်ခဲ့သည့်သုံးလေးနှစ်က ထင်ပါရဲ့။

မအိမ်ကံWhere stories live. Discover now