23

21 1 0
                                    

မအိမ်ကံ (အခန်း ၂၃) // ခင်ခင်ထူး

---

“ကံကလေး ...”

အူအသည်းတွေ ပြောင်းပြန် လန်သွားလေသလား ထင်ရအောင် တုန်လှုပ်သွားခဲ့ရာက သူမ အမည်ကို ပီပီသသ ခေါ်လိုက်သံကြောင့် မအိမ်ကံမှာ သည်းကြီး အူပြတ် အထိတ်တလန့် ခံစားမှုမှ တအံ့တသြ ခံစားမှုကို ပြောင်းသွား ခဲ့ရသည်။

ရုတ်တရက် မြင်လိုက်ရစဉ်က ဂျပန် စစ်ဗိုလ် ဝတ်စုံကြောင့် ပြာ‌ဝေသွားခဲ့သော မျက်စိကို သေသေချာချာ ပွတ်ကြည့်တော့မှ မျက်နှာကြီး ပြုံးထားသော အစ်ကို မောင်မြတ်သာမှန်း သိလိုက်ရတော့သည်။

“အစ်ကို ...”

မအိမ်ကံက အစ်ကိုဖြစ်သူထံ ပြေးဝင်သွားပြီး မျက်နှာ အပ်ထားလိုက်သည်။ မောင်မြတ်သာကလည်း ပြေးဝင်လာသော နှမဖြစ်သူကို ဆီးထွေးပွေ့ရင်း သိုင်းဖက် ထားရှာပါ၏။ မအိမ်ကံမှာ အစ်ကိုဖြစ်သူ ပခုံးကို မျက်နှာအပ်ရင်းက မျက်ရည်များပင် တွေတွေ ကျလာခဲ့သည်။ ဝမ်းသာ ရှာလွန်းတာကြောင့် တစ်ကြောင်း၊ လူမြင်သူမြင် ပေါ်ပေါ်ထင်ထင် ရွာဝင်လာရှာတာက တစ်ကြောင်း ဆိုတော့ ဝမ်းသာရာက ကျသည့်မျက်ရည် များပင်။

“အစ်ကိုက စစ်ဗိုလ်ကြီးပေါ့။ ခုမှ ကြည့်ကောင်း သွားတော့သယ် အစ်ကိုရယ်။ မအိမ်ကံက ဂျပန် စစ်ဗိုလ် မှတ်သွားသာ လိပ်ပြာများတောင် စင်ရော့ အောက်မေ့မိသယ်။ အဖေနဲ့ အမေကတော့ ဝမ်းသာကြမယ့် အမျိုး။ ကိုပြေသိမ်းလည်း ရောက်နေလေရဲ့၊ အစ်ကို ဘာနဲ့ လာသာလဲဟင်။ အစ်ကို ရောက်လာသာ အားရှိလိုက်သာတော် ”

မအိမ်ကံက ရင်ထဲ ရှိသမျှ စကားတွေကို ကတွတ်ရေပွင့် တရစပ်ကြီး ပြောနေခြင်း ဖြစ်ပါ၏။ မောင်မြတ်သာ ကတော့ နှမဖြစ်သူကို အလိုက်သင့် ဖက်ထားရင်း ခေါင်းကလေးကို ပွတ်နေမိသည်။ နှမကလေး အရွယ်ရောက်ပါပြီ ဆိုကတည်းက မောင်ကြီး တစ်ယောက် အနေဖြင့် ရင်အုပ်မကွာ မစောင့်ရှောက်ခဲ့ရ။ မိန်းကလေး တန်မဲ့ မိအို၊ ဖအိုတို့ကို ကျွေးမွေး ပြုစု စောင့်ရှောက်ရုံမက သူ လိုသမျှ၊ သူ တောင်းခံသမျှ အကူအညီကို ရက်ရက် ရောရော ရှိရှာသော မိန်းကလေး။

မအိမ်ကံWhere stories live. Discover now