27

18 0 0
                                    

မအိမ်ကံ (အခန်း ၂၇) // ခင်ခင်ထူး

---

“အရီးလှအုံဆီလာသာ မအိမ်ကံ။ သမီးက နေ့နေ့ညည ခဏခဏ အဖျားတက်လို့ ကြည့်ခိုင်းလို့ လာသာ။ နေကောင်းကြလား။ ငါဖြင့် စိတ်သာရောက်သယ် လူမရောက်နိုင်ပါဘူး သူငယ်ချင်းမရယ်”

ရွှေမှုံက စကားပြောရင်း ဝိုင်းထဲဝင်လာတော့ မအိမ်ကံလည်း လိုက်လာခဲ့သည်။ ရွှေမှုံ နည်းနည်းလေးတော့ ပိန်သွားသည်။ အပျိုတုန်းက ကိုယ်သားကိုယ်ရေလည်း မရှိတော့။ သားသည် မအေကလည်း ဖြစ်ပြန်၊ စိတ်ထောင်းကိုယ်ကျေလည်း ရှိပုံရသည်။ ရွှေမှုံသမီးကလေးကို ငဲ့ကြည့်ပြန်တော့ မှင်တင်တင်။ ကလေးက မလန်းသလိုလို နွမ်းလှသည်။ မျက်လုံး မျက်ဖန်တော့ ရွှေမှုံနှင့် အတူသား။

“သည်လိုပါပဲ ရွှေမှုံရယ်။ ညည်းတို့ အိမ်မှ မဟုတ်ပါဘူး။ ငါလည်း ဘယ်သူ့ အိမ်မှကို မရောက်သာကြာပြီ။ ခေတ်ကာလကလည်း မကောင်းတော့ အိမ်က မခွာဝံ့ဘူး”

ရွှေမှုံက သမီးဖြစ်သူ၏ ရောဂါနှင့်ပတ်သက်၍ မလှအုံကို အကျိုးအကြောင်း ပြောပြသည်။ ကလေးက မနက်အိပ်ရာထ တိုင်းလည်း လန်းသည်မရှိ။ နေ့ခင်းနေ့လယ် ကိုယ်ကလေးပူ ချင်တော့လည်း ပူလာသည်။ တစ်ခါတစ်ရံ ညနေဘက်တွင် အပူအားကြီးတတ်ပြန်သည်ဆို၏။ ကလေးဖျား၊ ကလေးနာ ယတြာမန်းနှင့်ပတ်သက်၍ ရွာမှာ မလှအုံက နာမည်ရသည်။ တော်ရုံတန်ရုံအဖျားတော့ မန်းရုံ၊ ယတြာလုပ်ရုံ၊ ဆေးမြီးတိုကလေးသုံးရုံနှင့် ပျောက်နိုင်လို့ ဆေးဆရာဆီ မသွားလေ့ကြ။ အခုလည်း မလှအုံကို လာမန်းခိုင်းခြင်းဖြစ်ကာ ယတြာတောင်း ခြင်းဖြစ်၏။ မလှအုံက ကလေး၏ မျက်တွင်း မျက်ဆံနှိုက် ကြည့်သည်။ ကိုယ်သားကိုယ်ရေ စမ်းကြည့်သည်။ မေးအောက်၊ ချိုင်းအောက် လက်ခုံနှင့် စမ်းသည်။

“နေတက်ဖျား၊ မွန်းတည့်ဖျား၊ သုံးဗဟိုဖျား၊ နွားရိုင်း သွင်းချိန်ဖျား၊ သူငယ်အိပ်ဆိပ်ဖျား၊ ကြက်ဦးတွန်ဖျားရယ်လို့ ရှိသယ် ရွှေမှုံရဲ့။ ညည်းကလေးက နေ့နေ့ညညဖျားသာဆိုတော့ သူငယ်နာများ မစင်ရော့သလားအေ။ ငါ မန်းသယ်ဆိုသာက အဲသလောက် စုံစီနဖာဖျားသာမျိုးတော့ မစွမ်းဘူး။ အဲသာကျ တော့ဆေးဆရာများမှဖြစ်မှာ။ ကိုင်းပါလေ ရန်ကင်းအောင် တော့ မန်းပေးလိုက်ပါ့မယ်။ ညည်းသမီး နာမည်က ဘယ်သူ”

မအိမ်ကံWhere stories live. Discover now