30

24 1 0
                                    

မအိမ်ကံ (အခန်း ၃၀ အဆက်) // ခင်ခင်ထူး

---

တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဉာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဍာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။

ထိုညက ကျောင်းကြီး မီးဟုန်းဟုန်း တောက်နေချိန်မှာ မအိမ်ကံ ဖိနပ်မပါဘဲ ကျောင်းဘက်ကို ပြေးခဲ့သည်။ ကျောင်းကြီး မီးတောက် စွဲနေတာကို အရွာရွာက ပွဲတော်လာတွေ ကြည့်နေကြတာ အုံကြီးခဲရ။ မအိမ်ကံ လူကြားထဲ တိုးကာ တိုးကာ လာခဲ့တော့ ရှေ့ဆုံးကို ရောက်လာခဲ့၏။ သာအောင်တို့ ရပ်ရွာကာကွယ်ရေး ကင်းသမားတွေက လူတွေကို ပွဲခင်းထဲ ပြန်ဖို့ အော်နေကြသည်။ ဒါကလည်း ပွဲခင်းထဲမှာ ပွဲပျက်မှာ စိုးလို့ဆိုတာ မအိမ်ကံ နားလည်ပါသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လာသလား မေးတော့ သာအောင်က မလာကြောင်း ဖြေတာကိုလည်း မှတ်မိသည်။

မအိမ်ကံ အတွေးတွေကို ပြန်စုစည်းသည်။ လူအတော် များများက ရင်ပေါင်တန်းကာ ရပ်ကြည့်နေသူတွေကို တွန်းလွှတ်နေကြတာကို စူးစူးစိုက်စိုက် မျက်စိမြင်အောင် ကြည့်သည်။ လူတွေကို ပြန်ကြပါ၊ ပြန်ကြပါ နှင်ကြသူတွေ။ သည်လူတွေကကော ဇောင်ချမ်းကုန်းက ချည်းပဲလား။ သည်အချိန်မှာ သူ့ရွာသား ကိုယ့်ရွာသားရယ် မရှိနိုင်။ တစ်ရွာ့ တစ်ရွာ အကြောင်းကိစ္စ ရှိလျှင် သည်လိုပင် ဝိုင်းကြမြဲ။ မအိမ်ကံ ဝိုးဝိုး ဝါးဝါးဖြစ်နေတာကို သဘောပေါက်လိုက်ပြီ။ သာအောင့် ဘေးမှာ လူတစ်ယောက် ရှိနေခဲ့သည်။ လည်ပင်းပေါ်မှာ မျက်နှာသုတ် ပဝါတစ်ထည် ခွတင်ထားသည့်လူ။ အရပ်ပုပု။ သည်လူကလည်း ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ အော်နေတာကို မအိမ်ကံ မှတ်မိပြီ။ သည်လူက သာအောင်နှင့် ဆက်စပ်နေသလား။ မဆက်စပ်ဘူးလား။ ဒါတော့ မအိမ်ကံ မသိ။ သေချာ တာက အရပ်ပုပု လူတစ်ယောက် ထိုနေ့က သာအောင်နှင့် အတူ ရှိနေခဲ့ခြင်းပင်။

မအိမ်ကံWhere stories live. Discover now