7

44 2 0
                                    

မအိမ်ကံ (အခန်း ၇ အဆက်) // ခင်ခင်ထူး

“နှစ်လုံးပြူး ဆုရတဲ့ပွဲ ပြောပါဟယ် မင်းနှယ်… သူကြီး နှစ်လုံးပြူး ရတာ ငါတော့ ဝမ်းသာသကွယ်”

“ဘာပြုလို့တုံး ဘာဂျာရဲ့ "

“ဟ.. ငှက်ပစ်ချင်တော့ ခဏငှားလို့ ရတာပေါ့မောင်ရ”

(ဝါး ဟား ဟား ဟား)

“မင်းကွာ မဟုတ်တာပြောရော့မယ် . ဗြိတိသျှအစိုးရမင်းက ပေးတဲ့ဆု သေးသိမ် အောင် မပြောပါနဲ့... သူကြီးမှာ နှစ်လုံးပြူးရှိတော့ တစ်မျိုးတော့ ကောင်းသကွ..”

“ပြောပါဦး”

“မုန် လေပွေ လုပ်စားရင် မုန့်လှန်ရတာပေါ့ကွာ”

(ဝါး ဟား ဟားး)

ပွဲထဲက လူပြက်တွေပြက်တာကို ဦးသာထန်ကလည်း တဝါးဝါးရယ်သည်။ ဆုတော်ငွေ ၊ တစ်ရာပင် ဆုချခိုင်းလိုက်သေး၏။ အရက်ကလေးကလည်း မူးနေတော့ သူ့ သေနတ်အကြောင်း ထည့်ပြက်သဟဲ့ဆိုကာ ဝမ်းသခွတ်ထပြီး တဟီးဟီးရယ်သည်။ လူပြက်ခွင်ပြီးသွားတော့ မင်းသမီးက စောစောက ဆိုလက်စ က,လက်စသီချင်းကို ပြန်ဆိုပြန်သည်။ ဝါးပတ္တလားသံနှင့် မင်းသမီး အဆိုသံက တဝေါဝေါလှုပ်နေသည့်ပွဲခင်းကိုပင် ငြိမ်သွားစေသည်။

“ ×× မြင်းစီးလို့ လာပါသယ်  မင်းသမီးကို ယူမလို့တဲ့ လူပျိုမောင်ရယ် စပယ်ကြည်တွေ့ အောင် ကြွခဲ့ပါ သော် ကျွန်မရှိရာအဆောင်  မတိုပေါင် ပေးမယ်ရှင် အပျိုက သဘောကျသလိုပ ကိုကိုက သုံးဆောင် လက်ဖက် ကလေးရယ် ရတက်အေးဖွယ် ကာဖီချိုချို ပိုလိုပါမောင် စေ့စေ့ငှငှ အစုံ မလိုပေါင် .. ×× ”

သည်သီချင်း အဆိုပိုဒ်မှာ တိုက်တိုက်ဆိုင်ဆိုင် ပွဲခင်းစပ်နှင့် ခပ်ဝေးဝေး မီးရောင် မမှိန်တမှိန်မှာ မြင်းတစ်စီးနှင့် လူတစ်ယောက် ရှိနေသည်။ သျှောင်ငိုက်တွဲနှင့် တဘက်ကြားကြီး ခြုံထားသော လူတစ်ယောက်ဖြစ်သည်။ မအိမ်ကံက မင်းသမီးကို ငေးနေရာက မြင်းကြီးကို ဖျတ်ခနဲ မြင်လိုက်သည်။ အလို...ကြည်တော်ကုန်းက ဆေးဆရာကြီး ဆရာကြည်ပါလား။ အစ်ကိုပေးလိုက်သည့် စာရွက်ကလေး ပေးရဦးမှာ မဟုတ်လား။

မအိမ်ကံWhere stories live. Discover now