12

27 1 0
                                    

မအိမ်ကံ (အခန်း ၁၂ အဆက်) // ခင်ခင်ထူး

---

သည်ကနေ့ အဖိတ်နေ့။ ၁၂၉၈ ခုနှစ် ဝါဆိုလဆန်း ၁၄ ရက်။ မနက်ဖြန် ဝါဆို လပြည့်။

ဝါဆိုလပြည့်နေ့ဆိုလျှင် မအိမ်ကံတို့ ရွာတွေမှာ ဝါဆိုပန်းကပ် ဓလေ့ရှိသည်။ တစ်ရွာလုံးက ဘုန်းကြီးကျောင်းတွေ၊ စေတီဘုရားဆင်းတုဘုရားတွေမှာ ဝါဆိုပန်း ကပ်လှူကြမြဲ ဖြစ်၏။ ပွဲကြီးလမ်းကြီးရယ်မဟုတ်ဘဲ၊ အခါကြီးရက်ကြီးအနေဖြင့် ဘုန်းတော်ကြီးကျောင်းတွေကို ဝါဆိုမုန့် ၊ ဝါဆိုဆွမ်း ချက်ပြုတ် ပေါင်းထုပ်ကာ ဆက်ကပ်လှူဒါန်းကြသည်။ မအိမ်ကံတို့လို အပျိုကလေးတွေက ရွာရိပ်ဝန်းကျင်က ပွင့်သမျှပန်းတွေကို လည်ခူးကြရင်း ကိုယ့်အစုနှင့်ကိုယ် လှလှပပ ကျော့ကျော့ယဉ်ယဉ်ကလေး ဝတ်ဆင်ကာ ပန်းရေချမ်း၊ ဆီမီး သွားရောက်ပူဇော်ကြ သည်။ သည်ကနေ့လိုညဆိုလျှင် မအိမ်ကံတို့ အိမ်မှာ မုန့်ဖက်ထုပ် မုန့်ဆီကြော်တွေ လုပ်ကြမှာ ဖြစ်သည်။

မအိမ်ကံက မနက်မိုးလင်း ပြုနေကျအတိုင်း မျက်နှာသစ်ကိုယ်လက်သန့်စင်ပြီး အိမ်အပေါ်ထပ် အပျိုခန်းထဲမှာ သနပ်ခါးရေကြဲကလေး လိမ်း၊ ဆံပင်ကို အုန်းဆီမွှေးကလေး လူးကာ ဆံထုံးကလေး ထုံးနေသည်။ မအိမ်ကံ ဆံပင်တွေ အုပ်လုံးသိမ်းလို့ရသွားခဲ့ပြီ။ နှစ်ပတ်လျှို ဆံထုံးပုံ့ပုံ့ ကလေးကို ထုံးပြီး ညဦးကုံးထားသော မြတ်လေးပန်းကုံးကလေးကို ရစ်ပန်လိုက်၏။ အိမ်နေရင်းဝတ် ချည်ထည်ကန့်လန့်စင်းကလေးနှင့် ပင်ဝါ ရင်ဖုံးလက်စက အင်္ကျီကလေးကို ရိုးရိုးသာ ဝတ်ဆင်ထားပါ၏။ မျက်ခုံးမွှေးထူထူပေါ်က သနပ်ခါးမှုန်တွေကို ဘီးဖြင့် ခြစ်နေတုန်း အိမ်အောက်ထပ်မှ မြင်းဟီသံတစ်ချက်ကြားလိုက်ရသဖြင့် ပြတင်းပေါက်က ငုံ့ကြည့်လိုက်သည်။ အဖေက သူ့မြင်းကြီးစိန်ပွင့်ကို ပါးချပ်ကြိုးတွေ တပ်နေတာ တွေ့နေရပါ၏။ အဖေက သူ့မြင်းကြီးကို အင်မတန်ချစ်ရှာပါသည်။ အဖေက လှည်းစီးခဲသည်။ ပစ္စည်း တင်စရာ ဝန်ပါလျှင် လှည်းစီးသည်ကလွဲ၍ တော်ရုံတန်ရုံ မြင်းကိုသာ စီးလေ့ရှိ၏။ မြင်းက ခရီးတွင်သည်။ လှည်းမောင်းသမား လူပိုခေါ်စရာမလို။ မြင်းနဲ့ဆိုတော့ ကြိုကြိုကြားကြား ရောက်နိုင်တာလည်း ပါပါ၏။

မအိမ်ကံWhere stories live. Discover now