11

38 1 0
                                    

မအိမ်ကံ (အခန်း ၁၁ အဆက်) // ခင်ခင်ထူး

သည်ကနေ့ တပေါင်းလပြည့်နေ့ ။ မနက်စောစော နေထွက်စပြုကတည်းက မအိမ်ကံတို့ မောင်နှမ ကြည်တော်ကုန်းရွာဘက် ကူးခဲ့ကြသည်။

ဖိုးတုတ်က အိမ်က လှည်းနှင့်လိုက်ပို့သည်။ လှည်းက သည်ရာသီမှာ အခင်းထဲက ပဲလုံးတွေ အိမ်တလင်းပြန် ရောက်အောင် တိုက်နေရသည့်အချိန်ဆိုတော့ ချက်ချင်း ပြန်ရသည်။ ပဲလုံးဆိုသည်မှာ ပဲပင်တွေကို အပင်လိုက် ရိတ်ပြီး လုံးလုံးထားကြခြင်းကို ခေါ်ပါ ၏။ ပဲလုံးတွေကို လှည်းပေါ်ရောက်အောင် ဝါးချွန်ဖြင့် ထိုးထိုးတင်ကြရသည်။ တလင်းကို ရောက်တော့ အလုံးလိုက် ဖြန့်ထားပြီး နေပြင်းပြင်း ပြထားရသည်။ အတော်ကလေး သွေ့ပြီ ဆိုတော့မှ နွားနှင့် အထပ်ထပ်နယ်ရခြင်းဖြစ်သည်။ အတောင့်တွေအားလုံး ကွဲလောက်ပြီဆိုမှ ပဲရိုး၊ ပဲမှော်တွေကို ပြာတီး ရွေးဆယ်သန့်စင်ကာ ပုတ်ထဲ ကျီထဲ သွတ်ကြရသည်။ သည်အချိန်က မထင်မှတ်ဘဲ မိုးလေကျတတ်သည့်အတွက် ပဲသိမ်းပြီးကာမှ ‘ဟင်း’ချကြရပါ၏။ မပြီးသေးပါ။ ပဲရိုး ပဲမှော်တွေကို ဆောင်းထဲထည့်ကာ ပဲမှော်တိုက်ပေါ် ရွက်ရွက်ပြီး တင်ကြရသည်။ သည်လို သိုလှောင်ထားပါမှ နှစ်ပေါက်စာ နွားစာအတွက် စိတ်အေးရမည်မဟုတ်လား။

“မောင်မြတ်သာ မင်းနှမကို ခင်ငြိမ်းလက်ထဲ သေချာအပ်ထည့်ခဲ့နော် .ပြီးမှ လူကလေး သွားချင်ရာသွား...”

ကျေးဥ မအားတာမို့ မထည့်လိုက်နိုင်သဖြင့် မအိမ်ကံတစ်ယောက်တည်း အမေ စိတ်ချပုံမရ။ အမေပန်းရုံ၏ ညီမဝမ်းကွဲ ဒွေးလေးခင်ငြိမ်းထံ အရောက်အပ်နှံဖို့ အထပ်ထပ် မှာလိုက်ရှာသည်။ ဖိုးတုတ်က ကြည်တော်ကုန်းရွာ ဆရာကြည့်အိမ်ပေါက်ဝတွင် မောင်နှမ နှစ်ယောက် ချခဲ့ပြီး တအောင့်ပင် မထိုင်တော့ဘဲ ချက်ချင်းဆိုသလို ရွာပြန်လှည့်မောင်းသွားတော့၏။ 

“သခင်မြတ်သာတို့မောင်နှမ လာကြသဟေ့... ခေါ်ကြပါကွယ်”

ဆေးဆရာ ဆရာကြည့်အိမ်မှာ ရွာသူရွာသားတွေ အပြည့်။ ခါးပုံစတွေထဲမှာ နှီး တစ်ဆုပ်စီ ထည့်လိမ်ထားကြရင်း ဓားတွေတူရွင်းတွေငန်းပြားတွေ ကိုယ်စီကိုင်ထားကြသည်။ ဆွမ်းစားဆောင်ဘေးမှာ ကျောင်းရုံးအဖြစ် တဲပြန့်ကြီး ထိုးကြမည့်သူတွေဖြစ်သည်။

မအိမ်ကံWhere stories live. Discover now