5

95 4 0
                                    

"မအိမ်ကံ" (အခန်း  ၅) //ခင်ခင်ထူး

“ကျေးဇူးရှင် အဖေနှင့် အမေပန်းရုံသို့ စာအားဖြင့် ကြားရောက်ပါသည်။ နယုန်လပြည့်ကျော် ၃ ရက်နေ့ ကပဲ မြင်းခြံမြို့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါ သည်။ ကျေးဇူးရှင် ဆရာကြီး ဦးဘခင်နှင့် ဆရာကြီးကတော်တို့က ကျွန်တော့်ကို အောက်မေ့လျက် ရှိကြကြောင်း ပြောဆိုကြပါသည်။ ဆရာကြီးနှင့် ဆရာကြီးကတော် တို့လည်း ကျန်းမာလျက် ရှိကြပါသည်။ ဆရာကြီးက အရှင်နှစ်ပါး ပါတော်မူပြီး အနှစ်နှစ်ဆယ်လောက်အတွင်းမှာ မြန်မာများ ဝံသာနုစိတ်ဓာတ်နှင့် ဝံသာနုလုပ်ငန်း များတွင် များစွာ နိုးကြားလာကြကြောင်း၊ ယခုဆိုလျှင် ဆရာစံကို ဖမ်းမိလျှင် ဆုတော်ငွေ ကျပ်တစ်သောင်းအထိ ချီးမြှင့်မည်ဟု အင်္ဂလိပ်အစိုးရက ကြေညာချက် ထုတ်ထားကြောင်းတွေကို ညဘက်များတွင် ပြောပြပါသည်။ မနှစ်တုန်းက ကမ္ဘာနှင့် အဝှန်း ကြုံကြိုက်ကြရသော ကမ္ဘာ့စီးပွားပျက်ကပ်သည် ကျွန်တော်တို့ တိုင်းပြည်ကိုပါ ထိခိုက်လျက်ရှိကြောင်းမြင်းခြံမှာပင် စပါးတင်းတစ်ရာလျှင် ခြောက်ဆယ်၊ ခုနစ်ဆယ် ဈေးအထိ ကျဆင်းနေကြောင်း၊ သည်ကြားထဲ အင်္ဂလိပ်အစိုးရက လူခွန်၊ လယ်ခွန် သဿမေဓခွန်များဖြင့် ဖိစီးလျက်ရှိကြရာ မြန်မာပြည်လယ်သမားများနှင့်တကွ တိုင်းသူ ပြည်သားတို့ များစွာပင်ပန်းဆင်းရဲ ဖြစ်ကြရကြောင်းကို ကြားရသည့်အခါ တုန်လှုပ် မိပါသည်။ မြင်းခြံမှာတော့ အခြေအနေ မအေးဆေးပါ။ အစိုးရက သူပုန်ဟု သတ်မှတ်ထားသော အရေးတော်ပုံတပ်သားများ အားကောင်းလျက်ရှိပါ၏။

ယခုစာကို တလုတ်မြို့နေ လက်သမားဆရာကြီး ဦးဟန်နှင့်ကြုံ၍ ပေးလိုက်ခြင်းဖြစ်ပါသည်။ သူကြီးမင်းထံ လုံခြုံစွာ ပေးပို့ပါမည်ဟုလည်း ပြောပါသည်။ အဖေနှင့်တကွ အမေပန်းရုံ နှမကလေး မအိမ်ကံတို့ကို အဝေးက မေတ္တာပို့သလျက် ရှိပါကြောင်း။ ကျွန်တော့်ကျောင်းကိစ္စများကို ဆရာကြီးက ခေတ်ကာလအခြေ အနေ များကို တွက်ဆ၍ စဉ်းစားပေးမည် ပြောပါသည်။ မြင်းခြံမြို့တွင် အခိုက်အတန့်အားဖြင့် ကျွန်တော် နေရဖွယ်ရှိပါသည်။ အကြောင်းထူးလျှင် စာရေးပါဦးမည်။ မိဘနှစ်ပါးနှင့်တကွ နှမကလေး ကျန်းမာကြပါစေသော်။

မအိမ်ကံWhere stories live. Discover now