အကုန်လုံးသည်ကစားသမားများချည်းသာဖြစ်သဖြင့် အခြေခံပူးပေါင်းဆောင်ရွက်မှုရှိနေသေးသည်။
ကုန်ကြမ်းပစ္စည်းများထားသည့်ဧရိယာဆီသို့ပြေးလမ်းတစ်လျှောက် သူတို့ပြေးသွားခဲ့ကြသည်။
အထဲတွင် အသားများအား ခွဲခြားစီတန်းထားပြီး တစ်ခုစီမှာ လူ့ခန္ဓာကိုယ်အစိတ်အပိုင်းများ ဖြစ်ကြလေသည်။
ကြောက်ရွံ့စရာကောင်းပြီး ရွံ့စရာလည်းကောင်းလှသည်။သို့သော်လည်း သူတို့ပုန်းခိုရန်အတွက် အကာအကွယ်ကောင်းကောင်းရနေသည်။
ဖူအန်မှာ ကြီးမားလှသည့်လူ့ခန္ဓာကိုယ်အစိတ်အပိုင်း၏နောက်တွင် ဝင်ပုန်းလိုက်၏။ သူမဒဏ်ရာကြောင့် သူမမျက်နှာမှာ ဖြူဖျောနေသည်။ ဆေးပစ္စည်းများမရှိသောကြောင့် ဒဏ်ရာမှာ သွေးများတစ်စိမ့်စိမ့်ထွက်နေသည်။ သူမမှာ အခြေအနေမကောင်းလှပေ။
သူမဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သောအခါ အပေါ်ဖက်၌မီးဖိုချောင်ဓားကို မြင်လိုက်ရသည်။
မီးဖိုချောင်ဓားမှာ အမ်ဗျူတို့ကိုင်တွယ်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သဖြင့် သာမန်ဓားများထက် ၃ ဆခန့်ပိုကြီးနေသည်။
ဖူအန်က လွတ်ဟာနေသည့်ကြားမှတစ်ဆင့်ကြည့်လိုက်ရာ အမ်ဗျူတစ်ဦးတည်သာရှိနေပြီး အသားများကို ဘေစင်ပေါ်တွင် တင်လိုက်ပြီးနောက် အပြင်သို့ထွက်သွားလေသည်။
အခွင့်အရေးပဲ………….
ဖူအန်မှာ နာကျင်မှုကို သည်းခံလိုက်ပြီး အပေါ်သို့တက်လိုက်၏။ အသားထားသည့်ဘေစင်ပေါ်သို့ မြန်နိုင်သမျှ မြန်မြန်တက်လိုက်ပြီး မီးဖိုချောင်သုံးဓားကိုယူလိုက်ကာ အဝေးသို့ အလျှင်အမြန်ပြန်ပြေးလာခဲ့၏။
သူမလက်မောင်းရှိဒဏ်ရာမှာ ပွင့်ထွက်လာပြီး မူလက မီးခိုးရောင်ဖြစ်နေသည့်အဝတ်အစားများမှာ သွေးများဖြင့် စိုရွဲနေသည်။
နာလိုက်တာ………
ဖူအန်သည် အသက် ၂ ချက် ပြင်းပြင်းရှုလိုက်ပြီး ဓားကြီးဖြင့် အင်္ကျီတစ်စကို ဆွဲဖြဲလိုက်ကာ အဝတ်စဖြင့် လက်မောင်းအား ချည်နှောင်လိုက်၏။ ထို့နောက် ဓားကြီးဖြင့် ဒဏ်ရာရှိ ဖြုဖွေးပြီး အညစ်အကြေးများရှိနေသည့်အသားစများအား လှီးထုတ်လိုက်သည်။