တစ်ခဏကြာလည်ပတ်နေပြီးနောက် နောက်ဆုံးတွင် အောက်သို့ကျသွားသည်။
အရာအားလုံးမှာမှောင်မဲစိုစွတ်နေပြီး အညှီနံ့များလည်း ရနေသည်။
သူတို့မှာ မြေအောက်ပိုက်လိုင်းသို့ ရောက်ရှိသွားသလိုပင်။လူတိုင်းအောက်သို့ကျသွားသည်မဟုတ်ပေ။ အမ်ဗျူမှ ရေခလုတ်အားခဏသာဖွင့်လိုက်ပြီး ပြန်ပိတ်လိုက်၏။
လွတ်သွားသည့်လူများမှာ သူတို့အတွက် ရေကန်ကြီးမှခုန်ထွက်သွားကြသည့်ငါးများသာသာပင်။
ထွက်လာပြီဆိုတော့ နောက်ဆက်ပြီး ငါဘာလုပ်သင့်လဲ?.....
သူမမတွေးနိုင်ခင်မှာပင် တစ်ယောက်ယောက်က ကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
“ဘာဖြစ်တာလဲ?”
ယောကျ်ားတစ်ယောက်က လျှင်မြန်စွာမေးလိုက်၏။
“တစ်ခုခုက ငါ့ကိုလျှက်လိုက်တယ်”
ဖူအန်က အသံကြားရာဖက်သို့လှည့်လိုက်၏။ ထိုအသံမှာ ရှောင်အိုက်၏ညီအစ်မတစ်ဦးနှင့်အသံတူနေသည်။
“ဘာ?..............လာခြောက်………ခြောက်မနေနဲ့”
ယခုမှလွတ်မြောက်လာခဲ့ခြင်းဖြစ်သဖြင့် လူတိုင်း၏နှလုံးသားက လည်ပင်းတွင်သာရှိနေကြသေးသည်။
“တကယ်……..တကယ်ပြောတာ”
မိန်းကလေးမှာ ငိုတော့မည့်အတိုင်းပင်။
“အဲ့…..အဲ့တာကြီးက ကျွန်မနောက်ကျောကို လာယက်တာ….အား”
မိန်းကလေး၏အသံက ရုတ်တရက်ရပ်တန့်သွားကာ မြောင်းထဲမှ ညှီနံ့မှာလည်း ပို၍ပင် ပြင်းထန်လာသည်။
ဤမြောင်းမှာ အထူးသဖြင့် မလိုချင်သည့်လူအင်္ဂါအစိတ်အပိုင်းများအား စွန့်ပစ်သည့်နေရာပင်။ ထို့ကြောင့် အမျိုးအမည်မသိနိုင်သည့်သားစားတိရစ္ဆာန်များအား ဆွဲဆောင်နိုင်သည်မှာ မဆန်းလှပေ။
လူများမှာ နောက်ကျောတွင် ချွေးစေးများထွက်လာကြပြီး တစ်ယောက်ပြီးတစ်ယောက်ထရပ်လိုက်ကာ အရှေ့ဖက်သို့ ပြေးကြတော့သည်။