ဂိမ်း၏ ၁၇ ရက်မြောက်နေ့……
အစားအသောက်နှင့်ပတ်သတ်၍ တစ်ခါ အပြစ်ပေးခံရပြီးသည့်နောက်တွင် ကျန်ရှိသည့်အန်ပီစီများနှင့်ကစားသမားများမှာ သတိထားနေကြသည်။
လူကြီးတစ်ယောက်မှာ ထုပ်ပိုးထားသည့်ထမင်းလိပ်အားစားနေသည်။ ရုတ်တရက် ဝါးနေစဉ်မျက်မှောင်အနည်းငယ်ကြုတ်သွားသည်။
ထွေးထုတ်လိုက်ချင်သော်လည်း ဂိမ်းထဲရှိအစားအစာကို ဖြုန်းတီးခြင်းမပြုရဟူသောစည်းမျဉ်းကို တွေးမိလိုက်သောအခါ အတင်းမြိုချလိုက်ရသည်။
“ဒီထမင်းလိပ်က ဘယ်လိုဆော့စ်မျိုးသုံးထားတာလဲမသိဘူး………..စားချင်စရာမကောင်းလိုက်တာ”
သူ့ဘေးတွင်ရှိနေသည့်အဖော်ဖြစ်သူကလည်း ထိုစကားကိုကြားသောအခါ လက်ထဲရှိဟမ်ဘာဂါအား ကြည့်လိုက်၏။
“ငါ့ရဲ့ ဟမ်ဘာဂါအရသာလည်း အရင်နဲ့မတူဘူး…………..ဒီထဲမှာ အဆိပ်တွေ၊ ဘာတွေတော့ ထည့်ထားတာ မဟုတ်လောက်ပါဘူးနော်?”
“မင်းဘာတွေပြောနေတာလဲ?”
ပါးစပ်တွင် ဆီများရွဲပြီး ဘာဘီကျူအသားကိုစားနေသည့် နောက်အဖော်တစ်ယောက်ကပြောလိုက်၏။
“ဒီဂိမ်းက မင်းကိုသတ်ချင်ရင် အစားအစာမကျွေးပဲနဲ့ တစ်ခါတည်းပဲ အဆိပ်တိုက်လိုက်တော့မှာပေါ့…………….
မင်းတွေးဖို့လိုတာက စားနိုင်သမျှများများစားဖို့ပဲ……….အဲ့တာမှ မနက်ဖြန်နေရာကောင်းကိုလုဖို့ အားရှိမယ်”
မှန်တယ်…….
နေ့တိုင်းပဲ ကိုယ့်အသက်ကိုယ်ဘယ်လို ရှင်အောင်နေရမလဲပဲ တွေးနေရတာ…………..အစားအသောက်အရသာနည်းနည်းလေးပြောင်းသွားတာကို ဘယ်သူက ဂရုစိုက်မှာလဲ………….
ငါ့မှာ အသက်ကယ်နိုင်တဲ့ရွှေလက်ကောက်ရှိရင်တော့ တစ်မျိုးပေါ့…..
လူတိုင်းက သေဘေးမှလွတ်ကင်းနိုင်သည့်ရွှေလက်ကောက်အကြောင်းကိုတွေးမိသွားကြသည်။ သူတို့၏ လောဘမှာ တစ်နေ့တစ်ခြားပိုပိုကြီးထွားလာသည်။
နေ့တိုင်းအစားအသောက်များစားပြီး ဘာမှလုပ်စရာမရှိတော့သည့်လူများမှာ သေဘေးကိုလည်းရင်ဆိုင်နေရသဖြင့် သူတို့၏စိတ်များမှာ ပုံမှန်မဟုတ်ကြတော့ပေ။ ရှုပ်ရှုပ်ထွေးထွေးအခြေအနေများဖြစ်ပေါ်လာရန် အခွင့်အရေးအနည်းငယ်သာ လိုအပ်တော့သည်။