“အိုကေ…………….လမ်းမှာဆင်းဝယ်ပြီး ဟိုတယ်ကို ယူသွားကြတာပေါ့”
စုဆန်က မျက်နှာပေါ်တွင် အချစ်များဖြင့်ပျော်ဝင်နေသည့်အပြုံးဖြင့်ပြုံးရင်း သူမပြောသည်ကို သဘောတူလိုက်သည်။
ထိုနေရာတွင်ထိုင်ပြီး မကြာမှီပင် တစ်စုံတစ်ယောက်မှာ အနားသို့ရောက်လာ၏။ သို့သော်လည်း စုဆန်က စကားလုံးအနည်းငယ်ဖြင့် သူ့အား အဝေးသို့ထွက်သွားစေလိုက်သည်။
ထို့နောက်ချက်ချင်းပင် စုဆန်က ဖူအန်ဘေးတွင်ဝင်ထိုင်လိုက်ပြီး သူမအား လူများအကြောင်းသိစေရန် သူ၏ကြွယ်ဝလှသောအတွေ့အကြုံများနှင့်ယှဉ်၍ ပြောပြလိုက်သည်။
“ဘားရဲ့ရှေ့ဖက်မှာထိုင်နေတဲ့ အဲ့လူကိုကြည့်ကြည့်စမ်း”
“အင်း”
ဖူအန်ခေါင်းညိတ်လိုက်၏။
“ဒီလူရဲ့ပုံစံက ပိုက်ဆံနည်းနည်းပဲရှိတဲ့ပုံပဲ…………..သူကဒီနေရာမှာ ငယ်ရွယ်တဲ့မိန်းကလေးတွေကို ထောင်ဖမ်းဖို့လာတာပဲ”
စုဆန်၏မျက်လုံးထဲတွင် အထင်အမြင်သေးသည့်အရောင်တစ်ချက်လက်သွားသည်။
“အသက် ၃၀ လောက်ရှိနေပြီဖြစ်တဲ့လူတစ်ယောက်မှာ လက်ထပ်လက်စွပ်က အိပ်ကပ်ထဲမှာ ရှိနေနိုင်တယ်…………..
လက်တွေ့ဘဝမှာလည်း ဒီလိုမျိုးလူတွေအများကြီးပဲ……….မင်းမျက်လုံးကို ဖွင့်ပြီး သေချာကြည့်မှရမယ်”
စုဆန်၏စကားကိုကြားသောအခါ ဖူအန်ကအထင်အမြင်သေးဟန်ဖြင့်ကြည့်လိုက်၏။
“လူယုတ်မာပဲ”
စုဆန်ခေါင်းညိတ်လိုက်ပြီး ဖူအန်၏စကားကို သဘောတူလိုက်သည်။
ရှန်ပိန်တစ်ငုံခန့်သောက်လိုက်ပြီးနောက် သူက သူမအား အပြင်ဖက်ရှိ တန်ဖိုးကြီးကားပေါ်တွင်ထိုင်၍ နေကာမျက်မှန်တပ်ကာ ပန်းပွင့်ဒီဇိုင်းအင်္ကျီကိုဝတ်ထားသည့်လူကို လက်ညိုးညွန်ပြလိုက်၏။
“ဒီကောင့်ကိုကြည့်…………..
သူ့ပုံစံက သာမန်ပဲ……….ဒါပေမယ့်လူတွေအများကြီး ဝိုင်းရံနေကြတယ်”