ဖုရီရှီက သူမအား အောက်သို့ဆွဲချလိုက်၏။
“ဒီမှာနေတာ အန္တရာယ်များတယ်……….အမ်ဗျူက ဒီမှာညတိုင်းလာအိပ်တယ်”
သူကပြောလိုက်ရင်း ဖူအန်ကိုခေါ်သွားကာ အတွင်းဖက်အကျဆုံးဗီရိုထဲတွင် ပုန်းခိုင်းလိုက်၏။
ညဖက်တွင် မျှော်လင့်ထားသလိုပင် ဤအခန်းထဲသို့အမ်ဗျူပြန်ရောက်လာသည်။
ကြီးမားလှသည့်ခန္ဓာကိုယ်ကြီးမှာ အိပ်ရာကြီးပေါ်တွင်လှဲရင်း ဟောက်နေလေသည်။
ဖူအန်မှာ ဗီရိုထဲတွင်လဲလျှောင်းရင်း ဟောက်သံကိုနားထောင်နေရသည်။အသံမှာ မိုးချုန်းသံကဲ့သို့ပင်။
ဂိမ်း၏ ၂၉ ရက်မြောက်နေ့………
ဖူအန်မှာ မျက်နှာကိုရိုက်လိုက်၏။ သူမ၏ခြေထောက်များမှာ ဗီရိုထဲတွင်ကွေးနေရသဖြင့် ထုံပင်ထုံနေပြီဖြစ်သည်။
…………………………………ပထမထပ်တွင်ဖြစ်သည်။
အမ်ဗျူများမှာ ဝင်လိုက်၊ ထွက်လိုက်နှင့် ဟောခန်းမထဲတွင် ပြင်ဆင်နေကြသည်။
စားပွဲများ၊ ပန်းများနှင့် အစားအစာအမျိုးမျိုးကို တည်ခင်းနေကြပြီး လူသားများ၏ စားပွဲကျင်းပတော့မည့်အတိုင်းပင် ပြင်ဆင်နေကြသည်။
နေ့လယ်ပိုင်းတွင် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားကြသည့်အမ်ဗျူ ၂ ရာ၊ ၃ ရာခန့်မှာ ဟောခန်းမထဲသို့ ရောက်လာကြပြီးထိုင်ခုံများပေါ်၌ ထိုင်လိုက်ကြသည်။ မူလက တိတ်ဆိတ်နေသည့်ဟောခန်းမကြီးမှာ သက်ဝင်လှုပ်ရှားလာသည်။
စားပွဲပေါ်တွင်အမျိုးမျိုးသောအစားအစာများ ရနံ့မွေးကြိုင်စွာထွက်ပေါ်နေသည်။ သို့သော်လည်း အမ်ဗျူများမှာ မစားကြသေးပဲ ပို၍အရသာရှိမည့်အရာတစ်ခုကို စောင့်ဆိုင်းနေကြပုံပေါ်သည်။
မကြာမှီပင် စက်ရုပ်များမှာ ကောင်းကင်ပေါ်မှဆင်းလာပြီး စားပွဲမတိုင်မှီ စိတ်ဝင်စားစရာကောင်းသည့်လှုပ်ရှားမှုများကို ယူဆောင်လာကြသည်။
ထိုသည်မှာ မွေးမြူရေးခြံထဲတွင်ပုန်းခိုနေကြသည့် နောက်ဆုံးလူသားများပင်။
လူပေါင်း တစ်ရာခန့်ရှိလေသည်။