“အစ်ကိုဖု”
ဖူအန်က မြှောက်ပင့်လိုဟန်ဖြင့်ကြည့်လိုက်၏။
ဖုရီရှီသည် တက်ဗလက်အားပိတ်လိုက်ပြီး ‘အင်း’ ထူးလိုက်ပြီး အပြင်ဖက်သို့ လမ်းလျှောက်ထွက်လာသည်။
တစ်စုံတစ်ယောက်က ပြိုင်ကားကို ပြန်မောင်းသွားပြီးဖြစ်သဖြင့် ဖူအန်မှာ ဖုရီရှီနှင့်အတူ ကားနက်ကြီးနောက်တွင် ထိုင်ရန်သာကျန်တော့သည်။
ကားပြတင်းပေါက်မှ လှုပ်ရှားနေသည့်အပြင်ဖက်မြင်ကွင်းများကိုကြည့်ရင်း ဖူအန်ကဂရုတစိုက် စကားပြောလိုက်၏။
“အစ်ကိုဖု………………..ဒါလေးက ကိစ္စလေးပါပဲ………………..အစ်ကိုကိုယ်တိုင်လာခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်”
ငါက ရန်ဆန်းပေါ်ကို စာပို့ခဲ့တာမဟုတ်ဘူးလား?...............
“အင်း”
ဖုရီရှီက ‘အင်း’တစ်လုံးသာ ပြန်ပြော၏။
စကားတစ်လုံးပိုပြောလျှင် ပိုက်ဆံပေးရတော့မည့်အတိုင်းပင်။သူစကားမပြောလိုသည်ကိုမြင်သောအခါ ဖူအန်လည်း တိတ်ဆိတ်သွားကာ ထိုင်ခုံဘေးဖက်သို့ရွေ့လိုက်၏။
နောက်ဆုံးတစ်ကြိမ်ဖြစ်ပျက်ခဲ့စဉ်ကတည်းကပင် ပါးပါးဖုနှင့် နှစ်ယောက်တည်းနေရခြင်းမှာ သူမအတွက် အတော်သက်တောင့်သက်သာမရှိလှပေ။
……………………………………………………………..လမ်းတစ်လျှောက်တွင် ၂ ယောက်သား စကားတစ်လုံးမျှမဆိုတော့ပဲ ပြန်လာခဲ့ကြသည်။
သူတို့ဗီလာသို့ပြန်ရောက်သောအခါ ဖူအန်က ကားထဲမှ အလျှင်အမြန်ထွက်လိုက်ပြီး ယုန်ထက်ပင် လျှင်မြန်စွာပြေးသွားတော့သည်။
ရှုထျန်းမှာ ပထမထပ်၏ဟောခန်းမတွင် ထိုင်နေသည်။ ကျန်းရှင်းချိန်နှင့် စုဆန်မှာ လေ့ကျင့်ရေးအခန်းတွင် တစ်ယောက်နှင့်တစ်ယောက်တိုက်ခိုက်နေကြသည်။
ခန္ဓာကိုယ်ချင်းထိခိုက်မိသည့်အသံများ ပေါ်ထွက်နေလေသည်။ ဖူအန်က တစ်ချက်ကြည့်လိုက်ပြီး လေ့ကျင့်ရေးအဖော်အဖြစ်ဆွဲခေါ်ခံရမည်စိုးသောကြောင့် အလျှင်အမြန်ပြန်ထွက်လိုက်၏။