“ဒါက ဘာထူးဆန်းတာမှတ်လို့”ကျန်းရှင်းချိန်မှာ လက်ပိုက်လိုက်ရင်း အပေါ်ထပ်သို့တက်သွားသည့်ဖူအန်၏နောက်ကျောအား ကြည့်လိုက်၏။
“မင်းသာ မာစတာဖုနဲ့ပွဲတိုင်းကျနေခဲ့ရင် မင်းကိုသူပိုပြီး အာရုံစိုက်ပေးလာလိမ့်မယ်”
ဒီအကြောင်းပြချက်က မဆိုးဘူး………..
“တကယ်ပဲလား?”
စုဆန်သည်လည်း ထိုအကြောင်းပြချက်ကိုနားထောင်ရင်း အဓိပ္ပာယ်ရှိသည်ဟု ခံစားမိလိုက်သော်လည်း အပေါ်ယံအရမ်းဆန်လွန်သည်ဟုလည်း တွေးမိလိုက်၏။
လူတိုင်းမှာ အလွန်အလုပ်ရှုပ်ကြသည့်အတွက် သူ့မေးခွန်းများကို မည်သူကမျှအရေးမစိုက်တော့ပဲ သက်ဆိုင်ရာအလုပ်များဆီသို့ ပြန်သွားလိုက်ကြသည်။
ချက်ချင်းဆိုသလိုပင် ဟောခန်းမအတွင်းတွင် မည်သူကမျှမရှိကြတော့ပေ။
…………………………………………………………………နောက်တစ်နေ့တွင် ဖူအန်မှာ အပေါ်ထပ်သို့သတင်းပို့ရန် ၁၀ မိနစ်စောတက်လာသည်။
ဖုရီရှီမှာ သူမအား အချိန်အတော်ကြာကပင် စောင့်ဆိုင်းနေသည်။
“ကောင်းသောနံနက်ခင်းပါ အစ်ကိုဖု”
ဖူအန်သည် အခန်းထဲသို့ဝင်လိုက်ပြီး စိတ်ဝင်တစားလှည့်ပတ်ကြည့်လိုက်၏။
သူမသည် ၆ ထပ်မြောက်သို့ မကြာခဏ မရေမတွက်နိုင်အောင် ရောက်ဖူးသော်လည်း စာကြည့်ခန်းထဲသို့သာ ရောက်ဖူးခြင်းဖြစ်သည်။
ဤတစ်ကြိမ်သည်သာ ပါးပါးဖုနောက်လိုက်၍ အခြားနေရာများအား လိုက်ကြည့်ရသည့်ပထမဆုံးအကြိမ်ပင်။၆ ထပ်မြောက်တစ်ခုလုံးသည် ဖုရီရှီ၏ ကိုယ်ပိုင်နယ်မြေဖြစ်သည်။ ဤနေရာတွင် အားကစားခန်းမ၊ လေ့ကျင့်ရေးအခန်းများ ရှိနေသည်။
ဖူအန်မှာ နံရံတစ်ခုလုံးတွင် အမျိုးမျိုးသောသေနတ်များချိတ်ဆွဲထားသည့် သေနတ်ပစ်လေ့ကျင့်သည့်လျှိုဝှက်ခန်းကိုပင် တွေ့လိုက်ရသည်။
သူအောက်ထပ်ကို သိပ်ဆင်းတာမတွေ့တာ အံ့ဩစရာတော့မဟုတ်ဘူး……