“အိုကေ…….အိုကေ”
တွန့်ဆုတ်စွာဖြင့် ဖူအန်သဘောတူလိုက်သော်လည်း သတိတော့ပေးလိုက်သည်။
“ငါ့ကိုအရမ်းမမျှော်လင့်ထားနဲ့………….ငါက နင်တို့ကိုကူညီပေးပေမယ့် ဘော်ဒီဂတ်တော့ မဟုတ်ဘူး………..
ဂိမ်းထဲမှာ အဓိကအချက်က ကိုယ့်အားကိုယ်ကိုးဖို့ပဲလေ…….
ပြီးတော့ ဂိမ်းရဲ့အကြောင်းကိုဖော်ထုတ်တာက ဒုတိယဦးစားပေးပဲ………..ကိုယ့်အသက်ကိုယ် ကယ်တင်တာကမှ အရေးကြီးဆုံးအရာပဲ………..မနက်ဖြန်နေ့လယ်ကျရင် နင်အလုပ်ကို မြန်မြန်လုပ်ပြီး အရင်ဆုံးထွက်ရအောင်လုပ်”
စိတ်ဝင်စားသည်၊ မဝင်စားသည်ဖြစ်စေ သူမပြောသည်များမှာ အမှန်တရားများပင်။
ဂိမ်း၏ ၂၀ ရက်မြောက်နေ့…………
ဖူအန်အလုပ်သို့သွားသောအခါ တံခါးအား သေချာဂရုစိုက်၍ကြည့်လိုက်၏။
ထိုပစ္စည်းက တံခါးနေရာတွင်ရှိနေဆဲဖြစ်ပြီး ဖူအန်ကိုမကောင်းသောအာရုံများ ရနေစေသည်။
သေချာစွာပင် အဖွဲ့ထဲရှိ လူ ၅၀ ကျော်၊ ၆၀ ခန့်သာကျန်တော့သည့်အချိန်တွင် အစိမ်းရောင်နှလုံးပုံမှာ မလှုပ်ရှားတော့ပဲ ရုတ်တရက်အနီရောင်သို့ပြောင်းသွားလေသည်။
နောက်တစ်ခဏတွင်ပင် အပေါ်မှဆင်းလာသောစက်ရုပ်များက အပြင်သို့မထွက်ရသေးသည့်လူများအား ရုတ်တရက်ဖမ်းခေါ်သွားကြလေသည်။
အစားအသောက်လမ်းသို့ရောက်ပြီးသောလူများမှာ လမ်းပေါ်တွင်ရပ်လျှက် အမြင့်သို့ရောက်နေပြီဖြစ်သော ဖမ်းခေါ်ခံလိုက်ရသည့်လူများကို ကြည့်နေရုံသာကျန်တော့လေသည်။
မနေ့ကရလိုက်သောသင်ခန်းစာကြောင့် မည်သူကမျှဘာမှမပြောကြသော်လည်း လူတိုင်းက နောက်ဆုံးတွင် မရှိနေစေရန် ကြိုးစားနေကြသည်။
ယနေ့ဖမ်းခေါ်ခံလိုက်ရသောလူများထဲတွင် အများစုမှာ အန်ပီစီများဖြစ်ပြီး ကစားသမားအချို့လည်း ပါနေသည်။
မနေ့က ဖူအန်သတိပေးသည်ကို ရလိုက်သော ရှောက်အိုက်နှင့်အခြားလူများမှာ ကြိုတင်ပြင်ဆင်ထားကြသဖြင့် အစားအသောက်ဧရိယာသို့ အန္တရာယ်မရှိပဲ ဝင်ရောက်နိုင်ခဲ့ကြသည်။