နေရာလွတ်အပေါက်အား အပြင်သို့ထုတ်ရန်အတွက်ပေးလိုက်ရသည့်အဖိုးအခမှာ နှာခေါင်းသွေးလျှံခြင်းပင်။
ဖူအန်မှာ ခေါင်းထဲမှတစ်ဆစ်ဆစ်နာကျင်မှုကိုခံစားလိုက်ရကာ အိပ်ရာပေါ်တွင် မေ့လဲကျသွားတော့သည်။
နောက်တစ်နေ့အထိပင် သူမအိပ်ပျော်သွားသည်။
စက်ရုပ်လက်၏ရိုက်ချက်တစ်ချက်ကြောင့် ဖူအန်နိုးလာ၏။
ယနေ့သည် ဂိမ်း၏ ၁၀ ရက်မြောက်နေ့ဖြစ်ပြီး ထူးခြားသည့်နေ့တစ်နေ့ပင်ဖြစ်သည်။
ဤကဲ့သို့အရေးပါလှသည့်နေတွင် သူမအနေဖြင့်အားအင်သိပ်မရှိလှပေ။ သူမမှာ အားအင်ချိနဲ့နေသည်။လှုပ်ရှားမှုတိုင်းက ယခင်ထက်နှေးကွေးလေးလံနေ၏။
“ဟေး………….မင်းမြန်မြန်လုပ်လို့ရမလား?”
ကားဖြူလေးထဲတွင်ထိုင်နေသည့်ယောကျ်ားတစ်ယောက်က အနည်းငယ်စိတ်မရှည်တော့သည့်ဟန်ဖြင့် ပြောလိုက်၏။
“မင်းအတွက်ငါတို့အချိန်အကြာကြီးစောင့်နေရတာ…………..ထမင်းစားချိန်ကလည်း အကန့်အသတ်နဲ့ကွ”
“တောင်းပန်ပါတယ်”
ဖူအန်မှာ အလွန်အမင်းအိပ်ချင်နေပြီး ခေါင်းကိုစောင်းလျှက် မျက်လုံးတစ်လုံးဖွင့်လိုက်ကာ ထိုလူအား ကြည့်လိုက်၏။ ထို့နောက် ကားထဲသို့ဖြည်းညှင်းစွာဖြင့် ဝင်လိုက်သည်။
ဖူအန်၏နာခံမှုရှိပြီး ချစ်စရာကောင်းသောသွင်ပြင်ကိုမြင်သောအခါ ထိုလူ၏ပြောဆိုချင်နေသည့်စကားများမှာ လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားသည်။
ထို့နောက် အသံတိုးတိုးဖြင့် ပြောလိုက်၏။“မင်းမသက်မသာခံစားနေရရင် ဆေးနည်းနည်းသောက်လိုက်”
ထိုသို့ပြောပြီးနောက် ဤတစ်လှည့်ဂိမ်းတွင် နေထိုင်စရာအဆောက်အဦ၊ အလုပ်နှင့်အစားအစာများမှလွဲ၍ အခြေခံဆေးခန်းလေးပင် မရှိသည့်အကြောင်းတွေးလိုက်မိသည်။
ထိုလူ၏မျက်နှာက ပြောင်းလဲသွားကာ ပါးစပ်ပြန်ပိတ်လိုက်သည်။
……………………………………………………………..