လေတွေက ပိုတိုက်လာပြီ………..
အောက်မှာမြင်နေရတဲ့ပုံရိပ်တွေကလည်း ပိုသေးလာပြီ………..
ငါတို့က အဝေးကိုသယ်သွားခံနေရတာပဲ….
အခြေအနေကိုနားလည်သွားကာ ဖူအန်၏ခန္ဓာကိုယ်တောင့်တင်းသွားသည်။
ဂိမ်းရဲ့ ၁၁ ရက်မြောက်နေ့……
ဒီနေ့မှာအဝေးကို အခေါ်ခံရတာက ကောင်းတဲ့ပုံတော့မဟုတ်သေးဘူး……………..မနေ့က အဖမ်းခံရတဲ့လူတွေတောင် ပြန်ရောက်သေးတာမဟုတ်ဘူး……..ဖူအန်မှာ စက်ရုပ်လက်အားကြည့်လိုက်၏။ သူမ၏ဦးနှောက်မှာ ဤအခြေအနေမှ မည်ကဲ့သို့ရုန်းထွက်ရမည်နည်းဟု အသည်းအသန်စဉ်းစားနေရသည်။
သို့သော်လည်း မကြာမှီစက်ရုပ်လက်မှာ ရုတ်တရက်ရပ်တန့်သွားသည်။
စက်ရုပ်၏အနီရောင်စကန်ဖတ်သည့်မျဉ်းကြောင်းက ဖူအန်၏ဘယ်ဖက်လက်ရှိရွှေရောင်လက်ကောက်အား စကန်ဖတ်မိသွားပြီး နောက်တစ်ခဏတွင် ပုံမှန်သွားနေသည့်လမ်းကြောင်းမှ ကွဲသွားကာ ပြန်လှည့်သွားသည်။
ဖမ်းမိသောလူများမှာ လူ ၅၀ ကျော်၊ ၆၀ ခန့်ရှိသော်လည်း ပြန်အပို့ခံရပြီး အစားအသောက်လမ်းကြားသို့ပြန်ရောက်လာသူမှာ သူမတစ်ဦးတည်းသာရှိလေသည်။
သူမသည်လည်း လူတိုင်းလိုပင်။ တစ်ခုတည်းသောကွာခြားချက်မှာ သူမလက်ကောက်ဝတ်ရှိလက်ကောက်သာ ဖြစ်လေသည်။
ဒီလက်ကောက်က တကယ်ပဲအဆောင်တစ်ခုလား?............
ဖူအန်မှာ မနေနိုင်တော့ပဲ ကြည့်လိုက်မိသည်။ အလင်းရောင်အောက်တွင် လက်ကောက်မှာ ရွှေရောင်အလင်းများ တစ်ဖြတ်ဖြတ်လင်းနေပြီး ကစားသမားများ၏အာရုံကို ဆွဲဆောင်နေသည်။
သူမဘေးတွင် ပို၍များပြားသည့်ကစားသမားများစုဝေးလာကြသည်။
သူတို့မှာ ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်စေ စက်ဝိုင်းပုံသဏ္ဍာန်စုဖွဲ့လာကြသည်။
သူတို့၏မျက်နှာပေါ်တွင် စူးစမ်းလိုမှုနှင့်လုယက်လိုမှုများ သိသိသာသာပေါ်လွင်နေသည်။အဓိကအချက်မှာ ဤရွှေလက်ကောက်အားရထားသည့်လူမှာ တိုက်ခိုက်ရေးစွမ်းရည်ရှိပုံမရသည့်မိန်းကလေးတစ်ယောက်ဖြစ်နေခြင်းကြောင့်ပင်။