{Unicode}
"ခိုးကြောင်ခိုးဝှက်"
ရန်ကျားလိသည် စိတ်လေးလံစွာဖြင့် အိမ်သို့ပြန်လာခဲ့သည်။
သူက အိတ်ကပ်ထဲမှ လက်မှတ်မထိုးရသေးသည့် သဘောတူညီချက် စာချုပ်ကို ကိုင်ကြည့်နေပြီး စိတ်ထဲ၌လည်း အတွေးစများဖြင့် ပြည့်နှက်နေသည်။ သူသည် လှေကားလက်ရမ်းကို ကိုင်ထားပြီး မှောင်မဲမဲ လှေကားထစ်တွေပေါ် ဖြေးဖြေးချင်း တက်လှမ်းလာခဲ့သည်။
တံခါးဝသို့ ရောက်ရန် ခြေလှမ်းအနည်းငယ်ပဲ လှမ်းရန်ကျန်တော့ချိန်မှာ ခေါင်းမော့ကြည့်လိုက်မိတော့ အားဖူက အိမ်ထဲက ဘယ်လိုပြေးထွက်လာသည်မသိ၊ တံခါးဝတွင် ထိုင်စောင့်နေသည်။
အားဖူ၏ နံဘေးတွင်လည်း ကောင်လေးတစ်ယောက် ဒူးထောက်ထိုင်နေလျက်ရှိပြီး ထိုကောင်လေးက လက်တွေကို ဆန့်ထုတ်လာသည်မှာ အားဖူကို တခုခု ကျွေးတော့မည့် အတိုင်းပင်။
ရန်ကျားလိက မျက်လုံးများကို ကျဥ်းမြောင်းပြီး အော်လိုက်သည်။
"အားဖူ"
အားဖူလေးသည် သခင်၏အသံကို ကြားသည်နှင့် ချက်ချင်းပင် ခေါင်းထောင်လာသည်။ ရန်ကျားလိကို မြင်သောအခါ မြှောင်မြှောင်ဟုအော်ပြီး ရန်ကျားလိရှေ့သို့ တန်းတန်းမတ်မတ် ပြေးလာသည်။ ထို့နောက် သူ့ခြေသလုံးများ စေးကပ်လာသည်အထိ အားဖူကလျှာနှင့် အားသွန်ခွန်စိုက် ပွတ်သပ်နေသည်။
ရန်ကျားလိသည် အားဖူကို ကောက်ချီလိုက်ကာ ၎င်း၏မွှေးမျှင်များနှင့် နူးညံ့နေသော ခန္ဓာကိုယ်ကို နှစ်ကြိမ်မျှ ပွတ်သပ်လိုက်သည်။
ဤအခြင်းအရာကိုမြင်တော့ ကောင်လေးက မတ်တပ်ထပြီး ရန်ကျားလိရှေ့သို့ လျှောက်လာသည်။ အားနာနေဟန်နှင့် ခေါင်းကိုကုတ်ပြီး ပြောသည်။
"ခင်ဗျားရဲ့ အခန်းတံခါးက သေချာမပိတ်ထားတော့ ကြောင်ကပြေးထွက်လာတာ။ ကျွန်တော်က......ဒီတိုင်းခဏ အစာကျွေးနေတာပါ"
