{Unicode}
"ခြေရာကောက်"
ယဲ့ထင်တစ်ယောက် ပျောက်ဆုံးသွားသည်။
အရက်မူးပြီး မည်သူမှ သတိမထားမိစဥ်တွင် မည်သည့်နေရာသို့ ထွက်ခွာသွားမှန်း မသိပေ။
အတွင်းရေးမှူးသည် ခန်းမအတွင်း ပတ်ရှာခဲ့သော်လည်း လူကို ရှာမတွေ့ခဲ့။ ဖုန်းခေါ်ဆိုမှုသည်လည်း အစမှအဆုံး မည်သူမှ မကိုင်သည့် အခြေအနေ ဖြစ်လာသည်။
ရန်ကျားလိသည် အတွင်းရေးမှူးမှ သက်တော်စောင့်များအား သီးခြားရှာဖွေရန် ညွှန်ကြားနေခြင်း၊ အလောတကြီးနှင့် ဟိုဟိုသည်သည် သွားလာနေရသည့် ပုံစံကို ကြည့်ပြီး၊ လေသံတိုးတိုးနှင့်
"ကုမ္ပဏီကရော ရှာပြီးပြီလား"
အတွင်းရေးမှူးသည် ယဲ့ထင်ကို ဆက်သွယ်ရန် ကြိုးစားနေဆဲဖြစ်ပြီး
"လူလွှတ်ပြီး ရှာကြည့်ပြီးပါပြီ။ ဒီဖျော်ဖြေရေးခန်းမ၊ စင်နောက်နဲ့ အထပ်တိုင်းက ယောက်ျားလေး အိမ်သာအားလုံး၊ ဥက္ကဌယဲ့ရဲ့ စံအိမ် တော်တော်များများရော လူလွှတ်ပြီး ရှာခိုင်းပြီးပြီ။ အခုထိ သတင်း မရသေးဘူး"
ရန်ကျားလိသည် ထွက်သွားချင်သော်လည်း တွန့်ဆုတ် တွန့်ဆုတ်နှင့် ပြန်လှည့်လာပြီး အတင်းပြုံးလိုက်ကာ
"ဒီလောက် လူကောင် အကြီးကြီးကို၊ ပျောက်တော့ ပျောက်မသွားလောက်ဘူးမလား"
"လူပျောက်သွားမှာကို စိုးရိမ်တာ မဟုတ်ပါဘူး"
အတွင်းရေးမှူးက ခါးသက်သက် ပြုံးလိုက်ပြီး
"အဓိကက အရက်မူးနေတော့ မတော်လို့များ တစ်ခုခု....ရပါတယ်။ လူကြီးမင်းရန် ရှင်အရင် ပြန်သွားလိုက်ပြီး ကောင်းကောင်း အနားယူပါ"
ရန်ကျားလိက ခေါင်းညိတ်လိုက်ပြီး
"ဒါဆို အတွင်းရေးမှူးဖန်၊ တကယ်လို့ လူကို ပြန်ရှာတွေ့ရင် ကျွန်တော့်ကိုလည်း တိတ်တိတ်ကလေး ပြန်ပြောပြပါဦးနော်"
အတွင်းရေးမှူးသည် အိုင်းဟု အသံတစ်ချက် ထွက်လာပြီး ဒေါက်မြင့်ဖိနပ်ကြီးနှင့် လူရှာရန် ခန်းမထဲသို့ နောက်တစ်ကြိမ် ဝင်သွားတော့သည်။
