{Unicode}
"လက်ထပ်ကြပြီးနောက်"
မင်္ဂလာဦး ဒုတိယနေ့တွင်တော့ ရန်ကျားလိ အိပ်ရာထ နောက်ကျခဲ့သည်။
အမှန်တော့ အိပ်ရာထ နောက်ကျသည်ဟုလည်း သတ်မှတ်၍ မရပေ။ သူက လုံးဝကို နိုးမနေသည့် အခြေအနေမှာ ယဲ့ထင်ဆိုသူက ရက်ရက်စက်စက် တွန်းနှိုးလိုက်လေခြင်း။
ရန်ကျားလိက မှုန်မှုန်ဝါးဝါးနှင့် မျက်စိကို အကြိမ်အနည်းငယ် ပွတ်လိုက်ကာ ကုတင်ဘေး အင်္ကျီဝတ်နေသည့် ရှည်လမျော လူရိပ်ကို ကြည့်လိုက်ရင်း ကလေးလေးလိုမျိုး ညည်းညူသံနှင့် မေးလာသည်။
".....ဘယ်အချိန် ရှိပြီလဲ"
ယဲ့ထင်က ခပ်ဖျော့ဖျော့ ပြုံးရင်း
"သုံးနာရီ"
ရန်ကျားလိက မျက်လုံး မှိတ်လျက်သားနှင့် ကိုယ်ကိုလှည့်လိုက်ကာ ဂွမ်းကပ်စောင်ကို ခြေထောက်ကြားညှပ်ပြီး လေသံက မကြည်မသာနှင့်
"အဲ့လောက် အစောကြီး၊ သုံးနာရီပဲ ရှိသေးတာကို မင်းကငါ့ကို ခေါ်ပြီးဘာလုပ်တာလဲ။ မင်း ရူးနေလား၊ ငါ့ကို လာမနှောင့်ယှက်နဲ့၊ အိပ်တော့"
ယဲ့ထင်က သက်ပြင်းချလိုက်ပြီး
"နေ့လည် သုံးနာရီလို့ ပြောတာ"
ရန်ကျားလိ၏ နောက်ကျောသည်ပင် ရုတ်တရက် တောင့်တင်းသွားကာ မျက်လုံးများလည်း ရုတ်ခြည်း ပွင့်ဟလာပြီး တစ်ကိုယ်လုံးမှာလည်း ပွက်ပွက်ဆူနေသော ရေကဲ့သို့ ခုန်တက်သွားသည်။
သို့သော် သူ့ခန္ဓာကိုယ်ကို လှုပ်လိုက်သည် ဆိုရုံရှိသေး လျှပ်စစ် ရှော့ခ်ရသွားသကဲ့သို့ ပြင်းထန်လှသော နာကျင်ဝေဒနာက ဆိုက်ရောက်လာခဲ့သည်။ တစ်ကိုယ်လုံးရှိ အရိုးကြွက်သားများက တစ်ညလုံး ရေနွေးပူထဲ ဝင်စိမ်ထားသကဲ့သို့ ပွရောင်းပြီး နူးအိနေကာ အင်အားနတ္ထိ လုံးဝမရှိတော့။
ရန်ကျားလိသည် နာကျင်စွာ အော်မိလိုက်ပြီး ကုတင်ခေါင်းရင်းမှာ မှီနေရင်း မျက်နှာကြီးက ရှုံ့မဲ့သွားသည်။
ယဲ့ထင်က မြန်မြန်ဆန်ဆန် သူ့အား လက်မောင်းနှင့် ထောက်ပေးလိုက်ပြီး ဂရုတစိုက်နှင့် သူ့ခေါင်းနောက်ကို အကာအကွယ် ပေးလိုက်သည်။
