{Unicode}
"နာကျင်စွာအော်ဟစ်"
ယဲ့ထင်သည် တစ်ညလုံး အိပ်မက်ဆိုးများ မက်နေခဲ့သည်။
သူ့အိပ်မက်ထဲတွင် ရန်ကျားလိက မှောင်မိုက်မိုက် ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ခံထားရသည်။
နံဘေးတွင် မက်စ်တပ်ထားသည့် လူတစ်အုပ်က မနှစ်မြို့စရာ ကောင်းလောက်အောင် ရယ်နေကြရင်း လှောင်အိမ်ထဲကို တုတ်နှင့် ထိုးနေကြသည်။ ရန်ကျားလိသည် ခွင့်လွှတ်ပေးဖို့ရန် အဖန်တလဲလဲ တောင်းပန်နေရသည်အထိ အနိုင်ကျင့်ခံနေရပြီး အသည်းခိုက်စရာ ကောင်းလှသော နာကျင်မှုကြောင့် အော်ဟစ် ငိုကြွေးနေခဲ့ရသည်။ တစ်ကိုယ်လုံးလည်း သွေးများပြည့်နေပြီး တိတ်တိတ်ကလေး ငိုနေရှာသည်။
ယဲ့ထင်သည် အိပ်မက်ထဲတွင် ရန်ကျားလိ၏ တိုးညှင်းလှသော ရှိုက်ငိုသံကို ရှင်းရှင်းလင်းလင်း ကြားနေရသည်။
"ယဲ့ထင်၊ ငါ နာတယ်။ ငါ့ကို ကယ်ပါဦး....."
ယဲ့ထင်သည် လန့်နိုးလာပြီး တစ်ကိုယ်လုံး ချွေးအေးများ ထွက်နေသည်။
တုန်ရီနေသော လက်မောင်းကို အချိန်အကြာကြီး ဖိထားပြီးမှ မိမိဘာသာ အတင်းကာရော တည်ငြိမ်လာအောင် ပြုလုပ်နိုင်ခဲ့သည်။
သူ၏ရန်ရန်သည် ယခုအချိန်ထိ ယဲ့ဖန်၏ လက်ခုပ်ထဲတွင် ရှိနေဆဲဖြစ်ပြီး ယဲ့ဖန်က မုန်းတီး စက်ဆုပ်ဖွယ်ကောင်းစွာ ခွေးလှောင်အိမ်ထဲ ပိတ်လှောင်ပြီး အနိုင်ကျင့်နေသည်။ ဤအချိန်တွင် သူသည် ပိုလို့ပင် အေးဆေးတည်ငြိမ်ပြီး ဆင်ခြင်တုံတရား ရှိနေရမည်ဖြစ်သည်။
အကယ်၍ သူပါ ကမောက်ကမ ဖြစ်နေမည်ဆိုပါက ရန်ရန်ထံတွင် ပို၍ အန္တရာယ် ရှိသွားပေလိမ့်မည်။
ယဲ့ထင်သည် မျက်လုံးများကို ကြမ်းကြမ်းတမ်းတမ်း ပိတ်ပစ်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်ကာ တင်းကျပ်စွာ ဆုပ်ထားမိသော လက်သီးကို ဖြည်းဖြည်းချင်း ဖြေလျော့လိုက်ပြီးမှ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။
သူသည် အတွင်းရေးမှူးထံ ကမန်းကတန်း ဖုန်းဆက်လိုက်ပြီး တစ်ခုခု ရှာတွေ့ခြင်း ရှိမရှိကို မေးသည်။ တစ်ဖက်မှ အတွင်းရေးမှူးသည် စိတ်လှုပ်ရှားစွာနှင့် တံတွေးတစ်ချက် မျိုချလိုက်ပြီး ပြောသည်။
